Home
မြန်မာသတင်း
စစ်တွေတွင် မိန်းကလေးငယ် ၁ ဦး ရိုက်နှက်ခံထားရသည့်ဒဏ်ရာများဖြင့် တွေ့ရှိ
DVB
·
March 16, 2023
336344403_6051733978214270_3453340951320292246_n

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မင်းဂံရပ်ကွက်မှာ မတ်လ ၁၆ ရက် မနက်ပိုင်းက အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက် ရိုက်နှိက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သတိမေ့လျက် တွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အခု ဒဏ်ရာတွေနဲ့ တွေ့ခဲ့ရတဲ့ ကလေးငယ်ဟာ မျက်နှာမှာ ဖူးရောင်နေပြီး ခေါင်းမှာ ပေါက်ကွဲထားတဲ့ဒဏ်ရာနဲ့ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ပြန်ကြားရေးတာဝန်ခံ ကိုဗျာလက ပြောပါတယ်။

“ကလေးကတော့ အသက် ၁၂ နှစ်အရွယ်လောက် ရှိတယ်။ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သတိမေ့ပြီး တွေ့ကြတာလို့ သိရတယ်။ မျက်နှာတွေ ပါးတွေက ရောင်ဖူးနေတယ်။ ခေါင်းတွေမှာလည်း ပေါက်သွားတယ်ထင်တယ်၊ သွေးတွေထွက်နေတယ်။ မျက်နှာက ဒဏ်ရာကတော့ နည်းနည်းများတယ်။ တခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာတော့ ဒဏ်ရာတွေ မတွေ့ရဘူး။ အခုတော့ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတယ်။”

အခု ရိုက်နှက်ခံရပြီး ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တဲ့ ကလေးငယ်ဟာ စစ်တွေမြို့ မင်းဂံရပ်ကွက် အကွက် ၁၅ ကဖြစ်ပြီး မင်းဂံရပ်ကွက် အကွက် ၁၃ ရထားလမ်းအောက်မှာ ဒဏ်ရာတွေနဲ့ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး မင်းဂံနယ်မြေရဲစခန်းကို ဖုန်းနဲ့ ဆက်သွယ်ခဲ့‌ရာမှာ လက်ခံဖြေကြားခြင်း မရှိပါဘူး။

စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ စစ်တွေမြို့မှာ ဒုစရိုက် လုယက်မှုတွေ၊ သတ်ဖြတ်မှုတွေ များလာပြီး လုံခြုံမှုအားနည်းလာတာကြောင့် ဒေသခံတွေ အပြင်ထွက်ပြီး သွားလာကြရာမှာ သတိထားနေရတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်ကလည်း စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက်မှာ စုံတွဲချိန်းတွေ့နေစဉ် အမျိုးသား ၃ ဦးက ယောကျ်ားလေးကို ဓားနဲ့ထိုးကာ ဖုန်းလုယူသွားခဲ့သလို အမျိုးသမီးငယ်ကိုလည်း ပြန်ပေးဆွဲ ခေါ်သွားပါတယ်။

စစ်တွေမြို့မှာ နေ့တိုင်းဆိုသလို ဖုန်းလုယက်မှုတွေ ရှိနေတာကြောင့် အမျိုးသမီးတွေ တယောက်တည်း အပြင်သွားလာဖို့ ခက်ခဲလာနေပါတယ်။

အခုလပိုင်း ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ အုပ်စုလိုက် လုယက်မှုတွေကြောင့် ကိုယ်ထူကိုယ်ထစနစ်နဲ့ ကင်းစောင့်နေကြရတာတွေ ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က သြဂုတ်လက ပြည်နယ်အစိုးရရုံးအနီးရှိ ပလတ်စတစ်ပစ္စည်း အရောင်းဆိုင်က အရောင်းစာရေးမတဦး ဓားထိုးအသတ်ခံခဲ့ရသလို ၂၀၂၀ ခုနှစ်ကလည်း မုန့်လက်ကောက်ရောင်းတဲ့ မိန်းကလေးတဦး ဆောက်လက်စ အဆောက်အဦတခုအတွင်းမှာ အသတ်ခံခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024