DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ပြည်သူ့လွတ်လပ်ခွင့်များ ဖိနှိပ်ခံအဆင့်မှ တံခါးပိတ်အဆင့်သို့ လျော့ကျသွား
DVB
·
March 16, 2023
မြန်မာနိုင်ငံတွင် ပြည်သူ့လွတ်လပ်ခွင့်များ ဖိနှိပ်ခံအဆင့်မှ တံခါးပိတ်အဆင့်သို့ လျော့ကျသွား
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေဟာ အဆိုးဝါးဆုံးအခြေအနေ ရောက်နေပြီး ဖိနှိပ်ခံအဆင့်ကနေ တံခါးပိတ်အဆင့်သို့ ပြောင်းလဲလျော့ကျသွားပြီလို့ မတ်လ ၁၆ ရက် ဒီကနေ့ ထွက်ရှိလာတဲ့  ပြည်သူတွေရဲ့ဆန္ဒထုတ်ဖော်ခွင့်နဲ့ လွတ်လပ်ခွင့်တွေနဲ့ ပတ်သက်တဲ့ ကမ္ဘာ့လုံးဆိုင်ရာအကဲဖြတ်ချက် အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

နိုင်ငံပေါင်း ၁၉၇ နိုင်ငံရဲ့ အရပ်သားပြည်သူတွေရဲ့ လွတ်လပ်ခွင့်အခြေအနေတွေကို စောင့်ကြည့်အစီရင်ခံတင်ပြနေတဲ့ တောင်အာဖရိကနိုင်ငံ ဂျုဟန်းနက်စ်ဘတ်အခြေစိုက်  CIVICUS Monitor အဖွဲ့က ထုတ်ပြန်တဲ့ People Power Under Attack 2022 အမည်နဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ထောင်ပေါင်းများစွာသော လှုပ်ရှားတက်ကြွသူတွေကို ဖမ်းဆီးတာတွေ၊ အတိုက်အခံတွေအပေါ် ပြင်းပြင်းထန်ထန် ဖိနှိပ်ဖြိုခွင်းတာတွေ၊ သတင်းလွတ်လပ်ခွင့်နဲ့ လူ့အဖွဲ့အစည်းတွေအပေါ် တိုက်ခိုက်ဖိနှိပ်ခဲ့တာတွေကြောင့် အခုလို သတ်မှတ်ခံရတာလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

တံခါးပိတ်အဆင့်ဆိုတာဟာ အဆိုးဆုံးအခြေအနေကို ဖော်ပြတာဖြစ်ပြီး   အရပ်သားလွတ်လပ်ခွင့်တွေဖြစ်တဲ့ လွတ်လပ်စွာစုဝေးခြင်း၊ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခြင်းတွေကြောင့် ဖမ်းဆီးတိုက်ခိုက်မှုတွေခံနေရတဲ့ မြန်မာနိုင်ငံမှာ ထိတ်လန့်စိုးရိမ်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ဖုံးလွှမ်းနေတဲ့ အခြေအနေကိုရည်ညွှန်းတာဖြစ်ပါတယ်။  ၂၀၂၁ ခုနှစ်မှာ စစ်တပ်ကအာဏာသိမ်းပြီးတည်းက မြန်မာနိုင်ငံကို စိုးရိမ်အဆင့်မှာ သတ်မှတ်ပြီး စောင့်ကြည့်နေခဲ့တယ်လို့ဆိုပါတယ်။ အဲဒီအဆင့်ဟာ လတ်တလော ပြည်သူ့ လွတ်လပ်ခွင့်ချိုးဖောက်ခံနေရတဲ့ နိုင်ငံတွေကို စုစည်းထားတဲ့ အဆင့်ဖြစ်ပါတယ်။ မြန်မာနည်းတူ တရုတ်၊ ရုရှားနဲ့ အီရန်တို့ကိုလည်း တံခါးပိတ် အဆင့်မှာသတ်မှတ်ဖော်ပြထားပါတယ်။

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ၊ ရှေ့နေတွေ၊ ကျောင်းသားတွေ၊ အတိုက်အခံနိုင်ငံရေးသမားတွေနဲ့ တခြားတက်ကြွလှုပ်ရှားသူတွေကို ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း အွန်လိုင်းမှာရော အပြင်လောကမှာပါ သူတို့ရဲ့ လှုပ်ရှားမှုတွေကြောင့် ရာဇဝတ်သားတွေလို့ သတ်မှတ်ကာ ဖမ်းဆီးခဲ့တာတွေကို CIVICUS Monitor အဖွဲ့က အဓိကထား မှတ်တမ်းတင်ထားပါတယ်။

မြန်မာစစ်တပ်ဟာ ထောင်ပေါင်းများစွာသော အတိုက်အခံတွေကို လိမ်လည်အမှုဆင် ဖမ်းဆီးထားပြီးအကြမ်းဖက်မှု၊ လှုံ့ဆော်မှု အစရှိတဲ့ မဟုတ်မမှန်ပြစ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ထားပါတယ်။ အဲဒီလို ပြစ်ဒဏ်ချမှတ်တာတွေကိုလည်း လျှို့ဝှက်စစ်ခုံရုံးတွေမှာ စစ်တပ်လက်အောက်ခံတွေက တံခါးပိတ်ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ထောင်ဒဏ်နှစ်ရှည်ချတာတွေ၊ သေဒဏ်ပေးတာတွေ အစရှိတဲ့ ကြီးလေးတဲ့ အပြစ်ဒဏ်တွေ ပေးခဲ့ကြပါတယ်။

မုဒိမ်းကျင့်ဖို့၊ သတ်ပစ်ဖို့ ခြိမ်းခြောက်တာတွေ အပါအဝင် သေနတ်ဒင်နဲ့ရိုက်တာ၊ ဝိုင်ယာကြိုးနဲ့ ရိုက်တာအစရှိတဲ့ အကြမ်းဖက်မှုတွေကို ဖမ်းဆီးခံထားရစဉ် ကြုံတွေ့ရင်ဆိုင်ကြရသလို စစ်ကြောရေးမှာ နှိပ်စက်ခံရတာ၊ အတိုက်အခံတွေကို သေဒဏ်ပေးကွက်မျက်တာ စတဲ့ သတင်းတွေကိုလည်း ရရှိမှတ်တမ်းတင်နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ 

CIVICUS ရဲ့  အာရှပစိဖိတ်အရပ်သားအခွင့်အရေး သုတေသီ ဂျိုးဇက်ဖ်ဘန်နဒစ်က “မြန်မာစစ်တပ်က သူ့နိုင်ငံသားတွေအပေါ်မှာ အခြေခံလူ့အခွင့်အရေးတွေကို ပြင်းပြင်းထန်ထန် ပိတ်ဆို့တားမြစ်ပြီး အကြမ်းဖက်မှုတွေကို ရက်ရက်စက်စက် ကျူးလွန်ခဲ့တာ နှစ်နှစ်ကျော်လာခဲ့ပါပြီ။ ထောင်ပေါင်းများစွာသော တက်ကြွလှုပ်ရှားသူတွေကိုလည်း သူတို့ကို တော်လှန်တာကြောင့် ဖမ်းဆီးပြီး ကြီးလေးတဲ့ပြစ်ဒဏ်တွေ ပေးခဲ့ပါတယ်။ သူတို့ရဲ့ အုပ်ချုပ်ရေးကို တော်လှန်သူတွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး သေဒဏ်ပေး ကွပ်မျက်ပစ်တာတွေအထိ လုပ်ခဲ့တယ်။ အရပ်သားလွတ်လပ်ခွင့် အခြေအနေပြဇယားမှာ အောက်ကိုကျသွားတာဟာ အဲဒီလို စိုးရိမ်စရာကောင်းတဲ့ အခြေအနေတွေ အပျက်အစီးတွေ ဖြစ်နေပြီဆိုတာကို ဖော်ပြနေတာ ဖြစ်တယ်” လို့ ထုတ်ပြန်ချက်မှာပြောပါတယ်။

မြန်မာနိုင်ငံမှာ သတင်းထောက်တွေကို စနစ်တကျပစ်မှတ်ထားပြီး တိုက်ခိုက်နေတာတွေကိုလည်း CIVICUS Monitor က စောင့်ကြည့်နေပြီး သတင်းထောက်အများစုဟာ အများပြည်သူ ထိတ်လန့်စေသော မမှန်ကန်သော သတင်းများ ဖြန့်ဝေတယ်လို့ စွပ်စွဲခံရပြီး ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးခံကြရတယ်လို့ဆိုပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ရဲ့ အစီရင်ခံစာမှာ  မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရသူ သတင်းသမား အနည်းဆုံး ၄၂ ဦးရှိပြီး အသတ်ခံခဲ့ရသူ အနည်းဆုံး ၄ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။ 

အရပ်သားလူမှုကူညီရေးအသင်းတွေကိုလည်း မြန်မာစစ်တပ်က လုပ်ငန်းတွေ လျှော့ချခိုင်းတာတွေ၊ ပိတ်သိမ်းပစ်တာတွေ လုပ်ခဲ့လို့ လူမှုရေးအသင်းအဖွဲ့ ခေါင်းဆောင်အချို့ဟာလည်း ရှောင်တိမ်းထွက်ပြေးနေရတာတွေ၊ နိုင်ငံခြားကို ထွက်ပြေးရတာတွေ ရှိခဲ့ပါတယ်။

အဲဒါတွေအပြင် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတရပ်ကို ထပ်မံထုတ်ပြန်ခဲ့တာကြောင့် လူမှုရေးအဖွဲ့အစည်းတွေဟာ လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ဖို့ ပိုမိုခက်ခဲလာခဲ့ပါတယ်။

ဘန်နဒစ်က “မီဒီယာနဲ့ အရပ်သားအဖွဲ့အစည်းတွေပေါ်မှာ အဆက်မပြတ် ဖိနှိပ်ဖြိုခွင်းနေတာတွေကြောင့်လည်း မြန်မာနိုင်ငံဟာ CIVICUS Monitor ရဲ့ စာရင်းမှာ အောက်ဆုံးကို ရောက်ရှိသွားရတာဖြစ်ပါတယ်။ မြန်မာ့အရေးကို အာဆီယံက မကိုင်တွယ်နိုင်တာတွေကြောင့် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ မြန်မာနိုင်ငံထဲမှာ အရပ်သား လွတ်လပ်ခွင့်ပြန်လည်ရရှိဖို့ စတာတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းတွေက ပိုမိုပြင်းထန်တဲ့အရေးယူမှုတွေ ဆောင်ရွက်ဖို့ လိုလာပြီဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်ရာဇဝတ်မှုတွေအတွက်လည်း အပြစ်ဒဏ်ခံရဖို့ သူတို့ရဲ့ အပြစ်ကို သူတို့တာဝန်ယူရစေဖို့ နိုင်ငံတကာက ဝိုင်းဝန်ဆောင်ရွက်ရမှာဖြစ်တယ်” လို့ ပြောပါတယ်။

CIVICUS Monitor ရဲ့ အစီရင်ခံစာမှာ နိုင်ငံပေါင်း ၁၉၇ နိုင်ငံက အရပ်သားလွတ်လပ်ခွင့် အခြေအနေတွေကို တံခါးပိတ်၊ ဖိနှိပ်ခံ၊ ချုပ်ခြယ်ခံ၊ ကျဉ်းမြောင်းနဲ့ ပွင့်လင်းဆိုပြီး အုပ်စုတွေခွဲကာ သတ်မှတ်ထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အခုထည့်သွင်းလိုက်တဲ့ တံခါးပိတ် အုပ်စုဟာ အခြေအနေအဆိုးရွားဆုံးဖြစ်ပြီး အဲဒီအုပ်စုထဲမှာ နောက်ထပ် ၂၆ နိုင်ငံလည်း ပါဝင်ပါတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013