DVB Logo
Home
မြန်မာသတင်း
တောင်သူလယ်သမားအကျိုးစီးပွား ကာကွယ်နိုင်ရေး တပ်ပိုင်မြေမကျူးကျော်ရ ဆိုင်းဘုတ် အရင်ဆုံးဖြုတ်ချပေးရန် တောင်းဆို
DVB
·
March 15, 2023
တောင်သူလယ်သမားအကျိုးစီးပွား ကာကွယ်နိုင်ရေး တပ်ပိုင်မြေမကျူးကျော်ရ ဆိုင်းဘုတ် အရင်ဆုံးဖြုတ်ချပေးရန် တောင်းဆို
Donate to DVB

အာဏာသိမ်းစစ်ကောင်စီက တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွား မြှင့်တင်ရေးအတွက်အကောင်အထည်ဖော် လုပ်ဆောင်နေတယ်လို့ ပြောနေမဲ့အစား တပ်ပိုင်မြေ မကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ်ကို အရင်ဦးဆုံး ဖြုတ်ချပေးဖို့ လယ်ယာမြေအရေး တက်ကြွလှုပ်ရှားသူတွေက  တောင်းဆိုလိုက်ပါတယ်။

နေပြည်တော်မှာ မတ်လ ၁၄ ရက်နေ့က တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်  အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့စုံညီအစည်းအဝေးကိုကျင်းပရာမှာ အာဏာသိမ်း စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တောင်သူလယ်သမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေနဲ့အကျိုးစီးပွား ရရှိစေဖို့ဆောင်ရွက်နေတယ်လို့  ပြောဆိုခဲ့တာပါ

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကို အတည်ပြု ပြဋ္ဌာန်းထားပြီး ဖြစ်တာကြောင့် အဆိုပါ ဥပဒေရဲ့ ပုဒ်မ ၄ အရ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ကို သူ ကိုယ်တိုင် ဦးဆောင်ကာ အဖွဲ့ဝင် ၃၉ ဦးနဲ့ ပြင်ဆင်ဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန်တွေကို တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးနဲ့အကျိုးစီးပွားကို အမှန်တကယ်လိုလားပါက စစ်တပ်အနေနဲ့ တောင်သူတွေဆီက မတရား သိမ်းပိုက်ထားတဲ့ တပ်ပိုင်မြေတွေကို အရင်ဦးဆုံး စွန့်လွှတ်ပေးနိုင်မလားလို့ လယ်ယာမြေ အရေးတက်ကြွလှုပ်ရှားသူတွေက ထောက်ပြပြောဆိုလိုက်ပါတယ်။

“ဦးနေဝင်း အာဏာသိမ်းပြီးနောက် ခေတ်အဆက်ဆက်ပေါ့ဗျာ၊ မဆလ ခေတ်၊ နဝတ၊နအဖ ခေတ်၊ ဦးသိန်းစိန် ခေတ်၊ NLD ခေတ်၊ အခု စစ်ကောင်စီ ခေတ်။ အဲ့ဒီခေတ်တွေထဲမှာ NLD ခေတ်မှာပဲ ကျနော်တို့ တောင်သူတွေ လယ်ယာမြေနဲ့ပတ်သတ်ပြီး ဆုံးရှုံးခဲ့ရတဲ့ အများကြီးထဲက အနည်းအကျဉ်းလေးသာ ပြန်ရခဲ့တာ ရှိပါတယ်။ အဲ့တော့ ကျနော်တို့ ပထမဆုံး ပြောချင်တာက စစ်တပ်က တောင်သူတွေဆီက သိမ်းထားထားတဲ့ တပ်ပိုင်မြေ မကျူးကျော်ရ ဆိုတဲ့ ဆိုင်းဘုတ်တွေကို အရင် ဖြုတ်နိုင်ဖို့ပဲ လုပ်ပါဦးလို့။ အဲ့ဒီ့ဆိုင်းဘုတ်တွေ ဖြုတ်ပြီးသွားမှ တောင်သူတွေရဲ့ အကျိုးစီးပွားတွေ ကာကွယ်တာတွေ မြှင့်တင်တာတွေ ဆက်စဉ်းစားပါ။ အဲ့လို ဆောင်ရွက်ပြီးသွားရင်တော့ ကျနော်တို့က ၁ ရာခ်ိုင်နှုန်းလောက် ယုံကြည် ပေးပါမယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ကို သူတို့ စကားလုံးတွေနဲ့ လိမ်ညာခဲ့တဲ့ အကြိမ်ရေက ထောင်ပေါင်းများစွာ ရှိခဲ့တဲ့အပြင် တလျှောက်လုံးမှာလဲ သူတို့ ဖိနှိပ်ခဲ့ကြတာ။ ဒါကြောင့် ဒီအချက်ကို အရင် ပြည့်မီအောင်ပဲ လုပ်ပါလို့ ပြောချင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့်အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေ အရ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ အခြေခံ ရည်ညွှန်း စပါးဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်ခဲ့ပြီး ဖြစ်တဲ့အပြင် သီးနှံအခြေခံ ရည်ညွှန်းဈေးနှုန်း သတ်မှတ်ရေး အဖွဲ့ကိုလည်း ဖွဲ့စည်းဖို့ ဆောင်ရွက်ဖို့ ရှိတယ်လို့ အာဏာသိမ်း စစ်ကောင်စီ ဒုခေါင်းဆောင်က ဆိုပါတယ်။

ဒါပေမဲ့ ဥပဒေ ဟာ (on paper) စာရွက်ပေါ်မှာသာ ရှိနေပြီး မှန်ကန်တဲ့ လမ်းစဉ် ကို အခုအချိန်ထိ အကောင်အထည် ဖော်နိုင်တာ မတွေ့ရသေးတဲ့အပြင် ဖွဲ့စည်းထားရှိတဲ့ အသင်းအဖွဲ့တွေက လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားတာကြောင့် တောင်သူတွေဟာ နစ်နာဆုံးရှုံးနေရတယ်လို့ စိုက်ပျိုးရေးပညာရှင်တဦးကလဲ ထောက်ပြထားပါတယ်။

“ဥပဒေ အနေနဲ့ ရှိတာက အရေးကြီးတာတော့ မှန်ပေမယ့် ကျနော်တို့ လယ်ယာမြေတွေ အပေါ်မှာ လမ်းစဉ် မှန်ဖို့ လိုတာပေါ့။ လမ်းစဉ်မှန်ဖို့ဆိုတာက လယ်သမားတွေရဲ့ထွက်ကုန်တွေကို ဘယ်လို တိုးတက်အောင် လုပ်ပေးမလဲ ဆိုတဲ့အပိုင်းမှာ လက်တွေ့ ဖြစ်ဖို့ လိုတယ်။ အဲ့ဟာတွေက အခုအချိန်ထိ ကျနော် မြင်တာကတော့ လက်တွေ့ မကျသေးဘူး။ လယ်သမား တွေအတွက် စပါးပဲဖြစ်ဖြစ် ကောက်ပဲသီးနှံပဲဖြစ်ဖြစ် ခြံထွက်သီးနှံပဲဖြစ်ဖြစ် ထွက်တဲ့အချိန်မှာ ကျနော်တို့က အများကြီး ထွက်တယ်။ ဒါပေမဲ့ ထွက်လာတဲ့အချိန်မှာ ကျနော်တို့က သိုလှောင်ဖို့အတွက် ကောင်းမွန်တဲ့ စနစ်တွေ မရှိသေးဘူး။ Food Change လို့ခေါ်တာပေါ့။ ထုတ်လုပ်တဲ့သူကနေ ရောင်းတဲ့သူအထိ ကြားထဲမှာ အဆင့်ပေါင်းက ၄ဆင့် ၅ဆင့် လောက်ခံနေတယ်။ အဲ့ဒါကြောင့် လယ်သမားတွေက ဘာမှ ဝင်ငွေမရဘူး ဖြစ်နေတာ။ အခုလည်း ဘာအသင်းကြီးတွေ ညာအသင်းကြီးတွေ ဖွဲ့ထားတယ်ဆိုပေမဲ့ သူတို့က လက်ဝါးကြီးအုပ်ထားကြတာ။ အမှန်ကတော့ အဲ့ဒါတွေ မလိုဘဲနဲ့ နိုင်ငံတော် ကိုယ်တိုင်က တိုက်ရိုက် လယ်သမား အဖွဲ့အစည်းဆီ သွားရမှာ။ အခုဟာက ရောင်းတဲ့သူက ဈေးကွက်ကို ကိုင်ထားတဲ့ သဘောဖြစ်နေတာကြောင့် ဒီအုပ်စုတွေက သူတို့ အမြတ်ရဖို့ကိုပဲ အဓိက ထားနေကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

လယ်ယာကဏ္ဍဟာ နိုင်ငံတော်ရဲ့ အမျိုးသားအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးရဲ့ ၂၃ ဒသမ ၇ ရာခိုင်နှုန်းပါဝင်နေပြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေးထွက်ကုန်တွေဟာ ပြည်ပပို့ကုန်တွေထဲမှာ အရေးကြီးပို့ကုန်တွေဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ဆီထွက်သီးနှံစိုက်ပျိုးတဲ့ နေကြာစိုက်တောင်သူတွေအတွက် နိုင်ငံတော်မှ ကျပ်(၁၀၀ ဒသမ ၂၄၈ ဘီလီယံ)ကို မိုးနဲ့ ဆောင်းနေကြာစိုက်ပျိုးရာသီအတွက် ချေးငွေများထုတ်ချေးနေပြီး ဝါသီးနှံ ဖေဖော်ဝါရီ ၂၈ ရက်အထိ ဧက ၄၅၈၃၈၈ စိုက်ပျိုးထားကြောင်း၊ ပဲတီစိမ်းဧက ၅ သိန်းနဲ့  နွေစပါး ၈ သိန်းခွဲအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သုံးစွဲဖို့ လျာထားဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ သတင်းမှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013