အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံသူ ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ မစ္စတာဝါတနဘေး ဟီဒဲအို ကို ဂျပန်ရောက်မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနွေဦးတော်လှန်ရေးကို အားပေးကူညီနေတဲ့ ဂျပန်လူမျိုးတွေ မတ် ၁၄ ရက်နေ့က အဆိုပါအသင်းရုံးခန်းရှေ့မှာ သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံအားပေးနေပြီး မြန်မာပြည်သူများရဲ့ဆန္ဒကို ဆန့်ကျင်ကာ မိမိကိုယ်ကျိုးတခုထည်းကြည့်ပြီး သတင်းအမှားများကို ဂျပန်နိုင်ငံမှာဖြန့်ဝေနေတဲ့အတွက်အ ခုလိုလာရောက်ဆန္ဒပြတာလို့ ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ ဦးမြင့်ဆွေက ဒီဗွီဘီကို ပြောပါတယ်။
ဖက်ဆစ်စနစ်လို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဆက်လက်ရှင်သန်နေအောင် အားပေးထောက်ခံနေတဲ့ ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌရဲ့ လုပ်ရပ်တွေကို လက်မခံနိုင်တာကြောင့် ခုလိုဆန္ဒပြတာလို့ လာရောက်ဆန္ဒပြခဲ့သူ စီဒီအမ်သံအရာရှိ ဦးအောင်စိုးမိုးက ပြောပါတယ်။
“အသင်းဥက္ကဋ္ဌ မစ္စတာဝါတနဘေးအနေနဲ့ မြန်မာပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ဆီက ဆုတံဆိပ်ကို ဘယ်လိုစိတ်မျိုးနဲ့လက်ခံရယူခဲ့ပြီး ဝမ်းသာနေတာကို ဂျပန်လူမျိုးတယောက်အနေနဲ့ ကျနော့်အနေနဲ့ ရှက်မိပါတယ်။ မြန်မာပြည်သူတွေရဲ့ လက်ရှိ ဆန္ဒသဘောထားကို သေချာနားထောင်သင့်ပါတယ်” လို့ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချခံခဲ့ရသူ ဂျပန်သတင်းထောက်နဲ့မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ မစ္စတာယူခီ ခိတဇူမီ က ဒီဗွီဘီကို ပြောပါတယ်။
မစ္စတာဝါတနဘေးဟာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း အနည်းဆုံး ၄ ကြိမ်မက စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ ဆုဘွဲ့တံဆိပ်ကို နေပြည်တော်အထိလာယူခဲ့ပြီး ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Taro Aso အတွက်ပါ လက်ခံယူဆောင်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြန်မာ့တပ်မတော်ရဲ့ ရပ်တည်မှုအတွက် မိမိအသက်ရှင်သန် နေတဲ့အချိန်အထိ ရာသက်ပန်ကြိုးပမ်းဆောင်ရွက် မည်ဖြစ်ကြောင်းလည်း ဆုလက်ခံစဉ်က မစ္စတာဝါတနဘေးက ပြောကြားခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်စာစောင်တွေမှာ ရေးသားဖော်ပြခဲ့ပါတယ်။
ဇော်ဇော်လှိုင်