DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကို အယုံအကြည်မရှိသဖြင့် စီမံကိန်းဧရိယာအနီးရှိ မြေများ အရောင်းအဝယ်မရှိ
DVB
·
March 14, 2023
စစ်ကောင်စီကို အယုံအကြည်မရှိသဖြင့် စီမံကိန်းဧရိယာအနီးရှိ မြေများ အရောင်းအဝယ်မရှိ
Donate to DVB

အာဏာသိမ်းစစ်ကောင်စီကို အယုံအကြည် မရှိတာကြောင့် ဒလမြို့စီမံကိန်းအပါအဝင်   စီမံကိန်းဧရိယာတွေအနီးရှိ မြေယာတွေအပေါ် လူစိတ်ဝင်စားမှု မရှိတဲ့အတွက် အရောင်းအဝယ်လည်း မရှိဘူးလို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ရန်ကုန်မြို့နဲ့ အနီးဆုံးမှာ တည်ရှိပေမဲ့ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ဒလမြို့ကို ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ် ဆွဲတင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက (မြန်မာ-ကိုရီးယားချစ်ကြည်ရေး) ဒလ မြစ်ကူးတံတား စီမံကိန်းနဲ့အတူ ဒလမြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ဖို့ စီစဉ်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်တဲ့အတွက် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဒီစီမံကိန်းဟာ နှောင့်နှေးသွားခဲ့ရပါတယ်။

လက်ရှိမှာတော့ (မြန်မာ-ကိုရီးယားချစ်ကြည်ရေး) ဒလ မြစ်ကူးတံတားစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်နေတာကြောင့် တံတားစီမံကိန်းက ရာခိုင်နှုန်းထက်ဝက်နီးပါး ပြီးစီးနေပြီး လာမယ့် ၂၀၂၄ ခုနှစ်အတွင်းမှာ ရာနှုန်းပြည့် ပြီးစီးမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ဆောက်လုပ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

ဒါကြောင့် ပုံမှန်အားဖြင့် စီမံကိန်းဧရိယာအနီးရှိ မြေယာတွေဟာ အိမ်ခြံမြေဈေးကွက်မှာ လှုပ်ခတ်လေ့ရှိပေမဲ့ အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာတော့ စီမံကိန်းအပေါ် အယုံအကြည်မရှိတာကြောင့် ဈေးကွက်က ငြိမ်နေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်တွေက ဆိုပါတယ်။

ဝါရင့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တဦးက “အခုအခြေအနေက ဘာဖြစ်နေလဲဆိုတော့ ဒလစီမံကိန်းတခုတည်း မဟုတ်ဘူး။ စီမံကိန်းဧရိယာတွေ အကုန်လုံးက ငြိမ်နေတာ။ ဘာလို့ ငြိမ်နေတာလဲဆိုရင် စီမံကိန်းဧရိယာတွေကို ယုံကြည်မှုနည်းတာက အဓိကအချက်လို့ မြင်တယ်။ ရှင်းရှင်းပြောရရင် လုပ်မယ်လို့ လျာထားပေမဲ့ မလုပ်ဖြစ်တဲ့အခါ ရင်းနှီးထားတာတွေ ဆုံးရှုံးသွားနိုင်တယ်လေ။ အဲ့ဒါကို စိုးရိမ်လို့ အဲဒီဘက်မှာ ရင်းနှီးမြှုပ်နှံဖို့အတွက် အရောင်းအဝယ်တွေ ဘယ်သူမှမလုပ်ကြဘူး။ ဒါကြောင့် အခုဆိုရင် စီမံကိန်းဧရိယာကိုလိုက်ပြီး ကစားတာတော့ မရှိတော့ဘူး။ အရင်ကတော့ စီမံကိန်းဧရိယာ ဆိုရင် ကနေ့ဝယ်ရင် မနက်ဖြန် မြတ်မှာပဲဆိုတဲ့ အတွေးနဲ့ ဝယ်ကြတာလေ” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ ရန်ကုန်အိမ်ခြံမြေဈေးကွက်ဟာ စီမံကိန်းဧရိယာတွေထက် ရန်ကုန် နယ်နိမတ်အတွင်းက ဆူလွယ်နပ်လွယ်တဲ့ နေရာတွေနဲ့ ဖွံ့ဖြိုးလာနိုင်တဲ့ ဧရိယာတွေမှာ သူ့တန်ဖိုးအလိုက် အရောင်းအဝယ် ရှိနေတယ်လို့ ဈေးကွက်ကျွမ်းကျင်တဲ့ အိမ်ခြံမြေလုပ်ငန်းရှင်တဦးကလည်း  မှတ်ချက်ပေးပါတယ်။

“အရောင်းအဝယ်က အခု ပြန်ဖြစ်နေတယ်။ ကျနော်တို့လည်း ဘယ်လိုနားလည်ရမှန်း မသိဘူး။ ငွေကြေးတွေက ဘယ်ကထွက်နေမှန်းကို မသိတာ။ ဘယ်နေရာတွေ ဖြစ်လဲဆိုတော့ ရန်ကုန်ဧရိယာအတွင်းက လူနေရပ်ကွက်တွေပေါ့နော်။ အကွက် အကြီး၊ အသေးတွေ အကုန် ဖြစ်တယ်။ သူ့တန်ဖိုးအလိုက်ပေါ့။ လုံးချင်းရော တိုက်ခန်းရော မျှပြီးဖြစ်နေတာ။ ပြီးတော့ အခုအခြေအနေက စီမံကိန်းဧရိယာတွေဘက်ကို မေးတာမြန်းတာက တော်တော့ကို နည်းတယ်။ ဒါပေမဲ့ develop ဖြစ်လာနိုင်ခြေရှိတဲ့ဘက်ကိုတော့ လိုက်ကြတာရှိတယ်။ ဥပမာဗျာ (တောင်ဥက္ကလာ)  ဝေဇယန္တာပေါ့။ develop ဖြစ်မယ်ဆိုတာ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကတည်းက အော်ခဲ့ကြတာ။ အဲ့အချိန်တုန်းက ဘာမှမရှိသေးဘူး။ အခုတော့ develop ဖြစ်သွားပြီ။ အခု ပိုက်ဆံရှိလို့ အဲဒီမှာ အကွက်အကွင်း ဝယ်ချင်တယ်ဆိုရင် မြေကွက်တွေက မရှိတော့ဘူး။ မြေကွက်တွေက ကိတ်မုန့်လိုမျိုး အပိုင်းပိုင်းဖဲ့ပြီး ရောင်းထားကြလို့ ကုန်နေပြီ။”

ဒါပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေးအတွက် ဘဏ္ဍာငွေရရှိဖို့ ရည်ရွယ်ပြီး ရောင်းချတဲ့ အိမ်ယာစီမံကိန်းတွေကိုတော့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အပါအဝင် ပြည်တွင်းကလည်း ဝယ်ယူမှု ရှိနေတာပါ။

ဒါကြောင့်ပဲ NUG က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့မှာ အများပြည်သူတွေထံ စတင်ရောင်းချပေးခဲ့တဲ့ ရဲရင့်နွေဦး အမည်ရှိ ကွန်ဒိုတိုက်ခန်းတွေဟာ နာရီပိုင်းအတွင်းမှာ (အခန်းတည်ဆောက်မှုပုံစံ) 3-Bedroom ပါဝင်တဲ့ အခန်းပေါင်း ၃၆၀ နဲ့ 1-Bedroom ပါဝင်တဲ့ အခန်းပေါင်း ၇၇၀ ထဲက အခန်းပေါင်း ၁၀၀ ရောင်းကုန်ခဲ့တယ်လို့ NUG ဝန်ကြီး ဦးတင်ထွန်းနိုင်က ထုတ်ဖော်ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013