
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် အစပ်မှာရှိတဲ့ မိုးဗြဲမြို့နယ်ထဲက တောင်ပေါ် စစ်ဘေးရှောင်စခန်းတခုကို စစ်ကောင်စီ တပ်မ ၆၆ က အင်အား ၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ အပါအဝင် စုစုပေါင်း ၁၀ ယောက်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကာ အဲဒီထဲက ၃ ယောက်ကို သတ်ဖြတ်လိုက်တယ်လို့ ဖယ်ခုံ PDF တပ်ရင်း−၂ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မတ်လ ၁၂ ရက် မနက်က စစ်ရှောင်ပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ညပိုင်းမှာတော့ အသက် ၈၀ ဝန်းကျင် သက်ကြီးရွယ်အို ၂ ယောက်ကို မီးရှို့သတ်ဖြတ်ခဲ့သလို အသက် ၁၅ နှစ်အရွယ် ကလေးငယ်ကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဖယ်ခုံ PDF တပ်ရင်း−၂ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုပီတာက ဆိုပါတယ်။
အဲဒီလို ဖမ်းဆီးခံရတဲ့ စစ်ဘေးရှောင်တွေကို ကယ်ဆယ်ဖို့ လိုက်ရှာရင်း ဖယ်ခုံ PDF တပ်ရင်း-၂၊ KNDF B-03 နဲ့ URF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မတ်လ ၁၂ ရက် ညနေပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖယ်ခုံအခြေစိုက် တပ်ရင်း-၄၄၂ ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူခဲ့သလို ညနေပိုင်းမှာလည်း တိုက်လေယာဉ် ၂ စီးနဲ့ ဗုံး ၃ ကြိမ်ကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် ဖမ်းဆီးခံထားရတဲ့ စစ်ဘေးရှောင် ၁၀ ယောက်ထဲက ၃ ယောက် သတ်ဖြတ်ခံထားရတာ တွေ့ရှိခဲ့ပြီး ၇ ယောက်ကတော့ ပြန်လည်လွတ်မြောက်လာခဲ့တယ် လို့လည်း KNDF က ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ PDF တပ်ရင်း-၂ က ရဲဘော်တဦးနဲ့ KNDF B-03 က ရဲဘော် ၂ ဦး ကျဆုံးခဲ့ကာ စစ်ကောင်စီဘက်ကတော့ တပ်ကြပ်ကြီးအဆင့်နဲ့ ဒုတပ်ကြပ် အပါအဝင် အလောင်း ၄ လောင်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေလည်း များနိုင်တယ်လို့ ဖယ်ခုံ PDF တပ်ရင်း-၂ က သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။