Homeမြန်မာသတင်း လက်ကိုင်ဖုန်း မှတ်ပုံတင်စနစ်ကြောင့် ဆင်းမ်ကတ်ဝယ်သူနှင့် Esim ထည့်သူများပြားနေ
စစ်ကောင်စီက မတ် ၃၁ ရက် နောက်ဆုံးထားပြီး ဆင်းကတ်ထည့်သွင်း အသုံးပြုထားတာမရှိတဲ့ ဖုန်းတွေကို အသုံးပြုခွင့်ပိတ်မယ်ဆိုတဲ့အတွက် ဆက်သွယ်ရေးအော်ပရေတာရုံးတွေနဲ့ ဆင်းမ်ကတ်အရောင်းဆိုင်တွေမှာ ဝယ်ယူသူ အများအပြား ရှိနေတယ်လို့ ကိုယ်တိုင်ရောက်ရှိခဲ့သူတွေဆီက သိရပါတယ်။
ဆင်းမ်ကတ်ထည့်သွင်းထားတာ မရှိတဲ့ ဖုန်းတွေကို ဧပြီ ၁ ရက်ကစပြီး အသုံးပြုခွင့် ပိတ်သွားမယ်လို့ စစ်ကောင်စီက သတိပေးထားတဲ့အတွက် ဆင်းမ်ကတ်ဝယ်ယူသူနဲ့ Esim ထည့်သူများနေတာကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတဲ့အထိ ရှိနေတယ်လို့ ဆိုပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှ ဖုန်းဆင်းမ်ကတ်သွားဝယ်ခဲ့သူတယောက်က “ကိုယ့်လိုပဲ ဆင်းမ်ကတ်ဝယ်ဖို့ စောင့်နေကြတာ လူမနည်းဘူး။ ဖုန်းဆိုင်တချို့ဆို ပစ္စည်းပါပြတ်သွားတယ်” လို့ ပြောပါတယ်။
ဒါအပြင် မတ် ၃၁ ရက်မတိုင်ခင်ကတည်းက လက်ကိုင်ဖုန်းအသစ် ဝယ်သူများစွာရှိနေခဲ့ပြီး ဆင်းမ်ကတ်ပါ တလက်စတည်း ဝယ်ထည့်တာမျိုးတွေလည်း ရှိတယ်လို့ ဖုန်းအရောင်းဆိုင်တွေဆီက သိရပါတယ်။
တောင်ဥက္ကလာပမြို့နယ်မှ ဖုန်းအရောင်းဆိုင်ဝန်ထမ်းတယောက်က “နောက်ဆိုရင် ဟန်းဆက်က အခွန်ဆောင်ရမယ်ဆိုလို့ ဝယ်ကြတာများတယ်” လို့ ပြောပါတယ်။
လက်ကိုင်ဖုန်းတွေကို အခွန်ကောက်နိုင်အောင် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ကျင့်သုံးမှာဖြစ်လို့ လက်ရှိ အသုံးပြုနေတဲ့ဖုန်းထဲ ဆင်းမ်ကတ်ထည့်ထားဖို့ စစ်ကောင်စီက သတိပေးထားတာဖြစ်ပါတယ်။
လက်ရှိ ကိုင်ဆောင်တဲ့ ဖုန်းထဲကို မတ် ၃၁ ရက် နောက်ဆုံးထားပြီး အသုံးပြုမဲ့ ဆင်းမ်ကတ်ထည့်ထားရင် ဆင်းမ်ကတ်ကုတ်နံပါတ်ကို အလိုအလျောက် CEIR စနစ်မှာ သိမ်း ဆည်းသွားမှာဖြစ်သလို ၃ နှစ် ဆက်လက်အသုံးပြုခွင့်ပေးသွားမယ်လို့ ဆိုပါတယ်။
မတ် ၃၁ ရက် နောက်ပိုင်း ဆင်းမ်ကတ်ထည့်သွင်းထားတာမရှိတဲ့ ဖုန်းတွေကို CEIR စနစ်မှာ နာမည်ပျက် (BlackList) သွင်းပြီး ဆက်သွယ်ရေးကွန်ရက် အသုံးပြုခွင့် ပိတ်သွားမယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။
နောက်ပိုင်း လက်ကိုင်ဖုန်းအသစ်ဝယ်ရင် ကျသင့်အခွန်ပေးဆောင်မှ CEIR စနစ်ကနေ မှတ်သားပြီး ဆက်သွယ်ရေးကွန်ရက် အသုံးပြုခွင့်ရမှာလို့ ဆိုပါတယ်။
စစ်ကောင်စီက လက်ကိုင်ဖုန်းတွေကို အခွန်ကောက်ဖို့အတွက် CEIR စနစ် လုပ်တာလို့ အကြောင်းပြပေမဲ့ ဖုန်းအသုံးပြုသူရဲ့ အနီးစပ်ဆုံးတည်နေရာနဲ့ အသုံးပြုနေတဲ့ အချက် အလက်တွေကို စောင့်ကြည့်နိုင်ဖို့အတွက် အဓိကရည်ရွယ်တာလို့ နည်းပညာကျွမ်းကျင်သူတွေက ပြောပါတယ်။