DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက လူ့အခွင့်အရေးကို စနစ်တကျချိုးဖောက် ရက်စက်ယုတ်မာနေဟု ကုလလူ့အခွင့်အရေးမဟာမင်းကြီးပြော
DVB
·
March 10, 2023
စစ်ကောင်စီက လူ့အခွင့်အရေးကို စနစ်တကျချိုးဖောက် ရက်စက်ယုတ်မာနေဟု ကုလလူ့အခွင့်အရေးမဟာမင်းကြီးပြော
Donate to DVB

စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ လူ့အခွင့်အရေးကို စနစ်တကျ ချိုးဖောက်ရက်စက်ယုတ်မာမှုတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မတ်လ ၇ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ၅၂ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေဟာ အဆိုးဆုံးအနေအထားအထိ ရောက်နေပြီး အရပ်သား ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုက ၁၄၁ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကာ ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘုရားရှိခိုးကျောင်းတွေကို စစ်ကောင်စီက တိုက်ခိုက်တာလည်း ၁၀၀ ရာခိုင်နှုန်း တိုးမြင့်လာတယ်လို့  ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ဆိုပါတယ်။

ဒီအချက်တွေဟာ ၂၀၂၂ နှစ်ဆန်းပိုင်းကစပြီး ကုလက မြန်မာနိုင်ငံကို စောင့်ကြည့်ရာက ရရှိလာတဲ့ အချက်အလက်တွေ ဖြစ်တယ်လို့ အမျိုသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူတွေကို နှိပ်စက်တာတွေ၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာတွေ၊ နေအိမ်တွေကို မီးရှို့တဲ့ အချက်အလက်တွေကို NUG က ကုလလူ့အခွင့်အရေးကောင်စီကို တင်ပြခဲ့တဲ့ အချက်အလက်တွေအပေါ် ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက “လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ကိုယ်တိုင်က မြန်မာနိုင်ငံရဲ့ အခြေအနေကို အမှန်အတိုင်းသိရှိပြီး ထုတ်ဖော်ပြောဆိုချက် ဖြစ်ပါတယ်။ ဒီအချက်တွေက မြေပြင်မှာလည်း တကယ်ဖြစ်နေတယ်။ အဲ့ဒါကြောင့်မို့လို့ သူ့ရဲ့ပြောဆိုချက်တွေက လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးပြောတာ ဖြစ်တဲ့အတွက် နိုင်ငံတကာက ပိုပြီးတော့ အာရုံစိုက် အလေးထားမှာကတော့ သေချာပါတယ်။ ဖြစ်ပျက်နေတာတွေကို သူသိရှိခြင်းက ပထမဆုံး ကောင်းတဲ့အချက်၊ နောက်တခါ သိရှိရုံတင်မကဘဲ နိုင်ငံတကာအနေနဲ့ အရေးယူဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်တွေ ထင်ထင်ရှားရှား ဖော်ပြသွားတဲ့အတွက် လာမယ့် လူ့အခွင့်အရေးကောင်စီတင် မကဘဲနဲ့ နောက်ထပ် ထပ်ပြီးတော့ ပေါ်လာမယ့် နိုင်ငံတခုချင်း လုပ်ဆောင်ချက်တွေ၊ နိုင်ငံတကာရဲ့ လုပ်ဆောင်ချက်တွေ၊ ကုလသမဂ္ဂ လုပ်ဆောင်ချက်တွေက ပိုမိုပြီးတော့ မြင့်တက်လာမယ်လို့ သေချာပါတယ်ဗျ” လို့ ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၅၂ ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံကိုယ်စားပြုနေရာနဲ့ ပါဝင်ခွင့်ရရှိဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ စစ်ကောင်စီတို့ အပြိုင်ကြိုးစားခဲ့ပေမဲ့ ကုလလူ့အခွင့်အရေးကောင်စီက ဘယ်သူ့ကိုမှ ကိုယ်စားပြုခွင့်မပေးဘဲ လစ်လပ်နေရာအဖြစ် ထားခဲ့ပါတယ်။

ကုလသမဂ္ဂမှာ လူ့အခွင့်အရေးကောင်စီနဲ့ လုံခြုံရေးကောင်စီတို့ဟာ အပြိုင်သဘောမျိုးဖြစ်နေပြီး အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်နိုင်တဲ့ လုံခြုံရေးကောင်စီဘက်က လှုပ်ရှားမှုတွေရှိလာမှ မြန်မာ့အရေး တိုးတက်မှုရှိလာမယ်လို့ အရပ်ဘက်အဖွဲ့ ကိုယ်စားလှယ်တွေက သုံးသပ်ပါတယ်။

ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ တာဝန်ရှိသူ ဒေါ်သဉ္ဇာရွှန်းလဲ့ရည်က "ကုလမှာက လူ့အခွင့်အရေးကောင်စီနဲ့ လုံခြုံရေးကောင်စီ၊ ဒီနှစ်ခုက အမြဲတမ်း အားပြိုင်တဲ့အနေအထား ရှိတယ်။ လူ့အခွင့်အရေးကောင်စီဘက် ဘယ်လောက်ပဲ ချိုးဖောက်မှုတွေဘက်က ရပ်တည် ရပ်တည်၊ လုံခြုံရေးကောင်စီလိုမျိုး အဖွဲ့ဝင်နိုင်ငံတွေနဲ့ အစိုးရတွေက အရေးယူ ဆောင်ရွက်မှု မလုပ်ဘူးဆိုလည်းဒါက အပြောပဲ ရှိတာပေါ့နော်။ မှတ်တမ်းအနေနဲ့သာ ဝင်သားတယ်၊ အကြမ်းဖက်မှုတွေကို မြေပြင်မှာ တကယ် ရပ်တန့်နိုင်ဖို့ ဆိုတာတော့ မဖြစ်နိုင်ပြန်ဘူးပေါ့။ ကျမတို့လုပ်နိုင်တဲ့ အနေအထားကတော့ လက်ရှိ လူ့အခွင့်အရေးကောင်စီမှာ အမြင့်ဆုံးသော သူတို့လုပ်နိုင်တဲ့ဘောင်တွေထဲကနေ အပြင်းထန်ဆုံး တောင်းဆိုမှုကိုရဖို့ ကျမတို့ တိုက်တွန်းတာပဲ လုပ်နိုင်တယ်။ အဲဒီလို တိုက်တွန်းဖို့တောင်မှ အခုအချိန်ထိ လူ့အခွင့်အရေးကောင်စီဘက်က သူတို့ လုပ်နိုင်တဲ့ အပြင်းထန်ဆုံး ဆိုတာတွေ မလုပ်နေသေးဘူးလို့ ပြောလို့ရတယ်။ အထူးသဖြင့် မြန်မာနိုင်ငံကို ICC ကို လွှဲပေးဖို့ ပြောတဲ့ကိစ္စဆိုရင် လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက တိုက်တွန်းခဲ့တာ။ ဒါတွေလည်း မပေါ်လာသေးဘူး။ (IIMM) လိုမျိုး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တွေ ဖွဲ့ထားတယ်။ အခု ဒီကာလမှာ အချက်အလက်တွေ စုတာထက် ပိုတဲ့အနေအထားကို သွားဖို့ လိုနေပြီဆိုတာ ကျမတို့ တိုက်တွန်းတယ်ပေါ့" လို့ ပြောပါတယ်။

မြန်မာ့အရေးဟာ ယူကရိန်းအရေး၊ အာဖဂန်နစ္စတန်အရေး၊ အီရန်အရေးတို့နဲ့ အပြိုင်ဖြစ်နေပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှု၊ အကူအညီပေးမှုနဲ့ အရေးယူဆောင်ရွက်မှုတွေ ရရှိဖို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အရပ်ဘက်အဖွဲ့တွေက ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ စစ်ရေး၊ စီးပွားရေး တင်းမာမှု အခြေအနေတွေကြောင့် မြန်မာ့အရေးဟာ အချိန် ၂ နှစ်ကျော်ကြာတဲ့အထိ နိုင်ငံတကာရဲ့ ထိရောက်တဲ့ အကူအညီပေးမှုနဲ့ အရေးယူ လုပ်ဆောင်တာတွေ မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013