DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ ဖမ်းဝရမ်းထုတ်ထားသဖြင့် မအီမြို့က လုပ်ငန်းရှင် ၅ ဦး တိမ်းရှောင်နေရ
DVB
·
March 9, 2023
စစ်ကောင်စီ ဖမ်းဝရမ်းထုတ်ထားသဖြင့် မအီမြို့က လုပ်ငန်းရှင် ၅ ဦး တိမ်းရှောင်နေရ
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့က စီးပွားရေးလုပ်ငန်းရှင် ၅ ဦးကို စစ်ကောင်စီက ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ဆက်စပ်တယ်ဆိုပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ထားတာကြောင့် တိမ်းရှောင်နေကြရတယ်လို့ ကာယကံရှင်တွေနဲ့ ရင်းနှီးသူတွေဆီက သိရပါတယ်။

မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့် ဖမ်းဝရမ်းထုတ်ခံရသူတွေကတော့ မအီမြို့ ရပ်ကွက် ၂ က ဦးတင်ထွန်းနဲ့ ဦးတင်ဝင်း၊ ရပ်ကွက် ၃ က ဦးမောင်သိန်းထွန်း၊ ဦးထွန်းဝင်းနဲ့ ဦးဇာနည်မင်းတို့ ဖြစ်ကြတယ်လို့ သိရပါတယ်။

အခု ဖမ်းဝရမ်းထုတ်ခံထားရသူတွေဟာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ မအီမြို့က စီပွားရေးလုပ်ငန်းရှင် ဦးထွန်းကြွယ်ရဲ့ အမှုအတွင်း ထွက်ဆိုချက်တွေကြောင့် စစ်ကောင်စီက အေအေနဲ့ ဆက်သွယ်မှုနဲ့ ဖမ်းဝရမ်းထုတ်ထားတာဖြစ်တယ်လို့ တိမ်းရှောင်နေရသူတွေနဲ့ ရင်းနှီးသူတဦးက ပြောပါတယ်။

“မအီမြို့က စီးပွားရေးလုပ်ငန်းရှင် ထွန်းကြွယ်ကို စစ်ကောင်စီက ဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ တောင်ကုတ်ခရိုင် တရားရုံးမှာ တရားစွဲဆိုထားတာတွေ ရှိတယ်။ အဲဒီအမှု စစ်ဆေးချက်တွေမှာ ဦးထွန်းကြွယ်ရဲ့ ထွက်ဆိုချက်တွေအရ သူတို့နဲ့ပါ ပတ်သက်မှု ရှိတယ်ဆိုပြီး ဖမ်းဆီးဖို့ နယ်မြေရဲစခန်းကို ညွှန်ကြားထားတာလို့ သိရတယ်။ အခုတော့ ဝရမ်းထုတ်ခံထားရသူတွေကတော့ လုံခြုံရာကို တိမ်းရှောင်နေကြရတယ်။”

မအီမြို့က စီးပွားရေးသမား ဦးထွန်းကြွယ်ကို နိုဝင်ဘာ ၁၄ ရက်က မအီမြို့က တောင်ကုတ်မြို့ အသွားမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး စစ်ကောင်စီက တောင်ကုတ်ခရိုင် တရားရုံးမှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ဘာကြောင့် ဖမ်းဝရမ်းထုတ်ထားတယ်ဆိုတာကို အတိအကျ မသိရသေးပေမဲ့ ဖမ်းဆီးမခံရဖို့အတွက် လုံခြုံတဲ့နေရာတွေမှာ တိမ်းရှောင်နေရတယ်လို့ တိမ်းရှောင်နေရသူတဦးက ပြောပါတယ်။

“ဘာကြောင့် အမှုဖွင့် ဖမ်းဝရမ်းထုတ်ထားတယ် ဆိုတာတော့ အတိအကျ မသိရသေးဘူး။ ကျနော်တို့လည်း သတင်းကြားတော့ လုံခြုံတဲ့နေရာကို တိမ်းရှောင်နေကြရတယ်။”

ဖမ်းဝရမ်းထုတ်ခံရသူတွေကို ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက စစ်ကောင်စီက ဖမ်းဝရမ်း ထုတ်ထားတာလို့ သိရပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရသူတွေရဲ့ အမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ မအီနယ်မြေရဲစခန်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့‌ပေမဲ့ လက်ခံဖြေကြားခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အေအေတို့အကြား တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က စစ်တွေ၊ ပုဏ္ဏားကျွန်းမြို့တွေက စီးပွားရေးလုပ်ငန်းရှင်တွေကို ခေါ်ပြီး အေအေကို ထောက်ပံ့မှုတွေ မလုပ်ကြဖို့ ခြိမ်းခြောက်ပြောဆိုမှု ရှိခဲ့ပါတယ်။

စစ်ကောင်စီနဲ့ အေအေတို့အကြား အပစ်အခတ်ရပ်စဲပြီးနောက် စစ်ကောင်စီဘက်က ရခိုင်ပြည်နယ်က မြို့တွေနဲ့ ကျေးရွာတွေမှာ အေအေနဲ့ မဆက်သွယ်ကြဖို့နဲ့ ထောက်ပံ့ကြေး မပေးကြဖို့ သွေးခွဲနေတာတွေရှိနေပြီး ဒီလုပ်ရပ်တွေ မရပ်တန့်ဘဲ ဆက်လုပ်နေရင် တိုက်ပွဲလမ်းကြောင်းကို ပြန်သွားရလိမ့်မယ်လို့ ဖေဖော်ဝါရီ ၂၇ ရက်က ပြုလုပ်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၈ ခုနှစ် တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်နေကတည်းက အခုအထိ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခံထားရသူ ၅၉၄ ဦးအထိ ရှိခဲ့ပြီး ၃၉၁ ဦးသာ ပြန်လွတ်သေးကာ ၂၀၃ ဦး ဖမ်းဆီးခံထားရဆဲ ဖြစ်တယ်လို့ ခိုင်သုခက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013