DVB Logo
Home
မြန်မာသတင်း
ရေနံနှင့် သဘာဝဓာတ်ငွေ့အပါအဝင် ကဏ္ဍ ၅ ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ်မဝင်
DVB
·
March 8, 2023
ရေနံနှင့် သဘာဝဓာတ်ငွေ့အပါအဝင် ကဏ္ဍ ၅ ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ်မဝင်
Donate to DVB

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၃ ဧပြီကနေ  ဇန်နဝါရီအထိ  ၁၀ လအတွင်း  ရေနံနဲ့ သဘာဝဓာတ်ငွေ့အပါအဝင် ကဏ္ဍ ၅ ခုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ် မဝင်ရောက်ခဲ့တာ တွေ့ရပါတယ်။

စီးပွားရေးလုပ်ငန်း ကဏ္ဍ ၁၂ ခု ရှိတဲ့အထဲ ၇ ခုမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်တွေ ဝင်ရောက်ခဲ့တာတွေ့ရပြီး သဘာဝဓာတ်ငွေ့အပါအဝင်  ဆောက်လုပ်ရေး၊ စက်မှုဇုန်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းနဲ့ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း ကဏ္ဍ ၅ ခုတို့မှာ ပြည်ပရင်းနှီးမြှုပ်နှံလုပ်ငန်း အသစ်တွေ မဝင်ရောက်ခဲ့တာပါ။

အခု ဘဏ္ဍာနှစ်မှာ စွမ်းအင်ကဏ္ဍ၊ တခြားဝန်ဆောင်မှုကဏ္ဍနဲ့  ကုန်ထုတ်လုပ်မှုကဏ္ဍတို့မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ထားတာ ဖြစ်ပေမဲ့ စစ်တပ်အာဏာမသိမ်းခင် ဝင်ရောက်မှုနဲ့ ယှဉ်ရင် သိသိသာသာ လျော့နည်းကျဆင်းနေပါတယ်။

နှစ်စဉ်  ပြည်ပရင်းနှီးမြှပ်နှံမှုပမာဏ  ၁ ဘီလီယံ အထက် ဝင်ရောက်တဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ စစ်အာဏာသိမ်းပြီးနောက်  သိသိသာသာ လျော့နည်းကျဆင်းလာပြီး အခု ဘဏ္ဍာနှစ်မှာ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ဝန်းကျင်သာ ဝင်ရောက်ထားပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှု နှစ်စဉ်ဝင်ရောက်နေတဲ့ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍမှာလည်း အခုနှစ် လုံးဝ ဝင်ရောက်ခဲ့ခြင်း မရှိပါဘူး။

စစ်ကောင်စီ အားပေးမြှင့်တင်နေတဲ့ ဟိုတယ်ခရီးသွားကဏ္ဍမှာလည်း ဇန်နဝါရီလအထိ ဝင်ရောက်မှုက အမေရိကန် ဒေါ်လာ ၀ ဒသမ ၈ သန်းသာ ရှိပါတယ်။

အိမ်ခြံမြေကဏ္ဍ၊ လယ်ယာကဏ္ဍ၊ သတ္တုတူးဖော်ရေးကဏ္ဍတို့မှာ  အနည်းငယ် ဝင်ရောက်မှုရှိခဲ့ပေမဲ့ ပုံမှန်နှစ်တွေနဲ့ ယှဉ်ရင် သိသိသာသာ  လျော့ကျနေပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ  စွမ်းအင်ကဏ္ဍမှာ အမေရိကန်ဒေါ်လာ သန်း၈၂၀  အခြားဝန်ဆောင်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်၊ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ သန်း ၂၀၀ ကျော် အများဆုံးဝင်ရောက်ခဲ့ပါတယ်။

အိမ်ခြံမြေကဏ္ဍမှာ ၂၉ သန်း သတ္တုတူးဖော်ရေး ကဏ္ဍမှာ ၇ ဘီလီယံ လယ်ယာကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၃ သန်းခွဲ  ဟိုတယ်ခရီးသွားကဏ္ဍမှာ ၀ ဒသမ ၈သန်း အသီးသီးဝင်ရောက်ခဲ့ပါတယ်။ မွေးမြူရေးနဲ့ ရေလုပ်ငန်းကဏ္ဍမှာတော့ ရှိပြီး လုပ်ငန်းတွေက  ထပ်တိုးရင်းနှီးမြှုပ်နှံတဲ့ ပမာဏ  ၁ ဒသမ ၈၄၅ သန်း ရှိခဲ့ပေမဲ့ လုပ်ငန်းအသစ် ဝင်ရောက်ခဲ့တာ မရှိပါဘူး။

မြန်မာနိုင်ငံကို အခုဘဏ္ဍာနှစ်  ဇန်နဝါရီလကုန် အထိ ဆယ်လအတွင်းမှာ  ပြည်ပရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇၆ ဘီလီယံ ဝင်ရောက်ထားတာဖြစ်ပြီး အာဏာမသိမ်းခင်က ဝင်ရောက်ခဲ့တဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ရင် သုံးပုံတစ်ပုံခန့်သာ ရှိပါတယ်။

ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့တဲ့ နှစ်အလိုက် ကိန်းဂဏန်းတွေကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ အမေရိကန် ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ၄ဒသမ ၁၅၈ ဘီလီယံ၊ ၂၀၁၉- ၂၀၂၀မှာ ၄ ဒသမ ၈၈ ဘီလီယံ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ အမေရိကန် ဒေါ်လာ ၃ ဒသမ ၇၉၁ ဘီလီယံ ၊ ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျတ် ၆ လမှာ ၆၄၇ သန်း  အသီးသီးရှိခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ  စစ်ရေးပဋိပက္ခတွေ၊ ငွေကြေးဖောင်းပွမှုတွေနဲ့ ဝယ်လိုအားကျဆင်းမှုတွေကြောင့် စီးပွားရေးနာလန်ထူနိုင်ဖို့ အားနည်းနေဦးမယ်လို့  ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။

စစ်ကောင်စီက နည်းလမ်းအမျိုးမျိုး သုံးပြီး ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေပေမဲ့  စီးပွားရေး မရေရာမှုတွေကြောင့်  ဝင်ရောက်မှု  လျော့နည်းကျဆင်းလာပြီး ရှိပြီးသား လုပ်ငန်းတွေပါ  တစတစ ပြန်လည်ထွက်ခွာနေတာပါ။

ဒါပေမဲ့ စစ်ကောင်စီကတော့ ဦးစားပေးမြှင့်တင့်မယ့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေကို  ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ထပ်တိုးသတ်မှတ်ခဲ့ပါတယ်။

လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်လုပ်ငန်းတွေ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးတဲ့ လုပ်ငန်းတွေနဲ့  သိပ္ပံဆိုင်ရာ သုတေသန ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ဦးစားပေးမြှင့်တင်မယ့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွေအဖြစ် ထပ်တိုးသတ်မှတ်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013