DVB Logo
Home
မြန်မာသတင်း
အသက်မွေးပညာဘွဲ့ရများ ပတ်စ်ပို့လျှောက်ပါက ရဲစခန်းခံဝန်ချက်ပြုလုပ်ရပြီး လာဘ်ငွေပေးနေရ
DVB
·
March 6, 2023
အသက်မွေးပညာဘွဲ့ရများ ပတ်စ်ပို့လျှောက်ပါက ရဲစခန်းခံဝန်ချက်ပြုလုပ်ရပြီး လာဘ်ငွေပေးနေရ
Donate to DVB

နည်းပညာတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ် စတဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေက ဘွဲ့ရတွေဖြစ်ပါက ရန်ကုန်၊ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာ  ပတ်စ်ပို့ရရှိဖို့ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေမှာ ခံဝန်ချက် ရေးထိုးနေရတဲ့အပြင် ပတ်စ်ပို့ရုံး ဝန်ထမ်းတွေရဲ့ ပိုက်ဆံတောင်းတာခံခဲ့ရတယ်လို့ ပတ်စ်ပို့ ပြုလုပ်နေသူ‌တွေဆီက သိရပါတယ်။

ပတ်စ်ပို့လျှောက်ထားသူတဦးက “အွန်လိုင်းဖောင်ဖြည့်တော့ B.E လို့ ရေးတင်လိုက်တာ၊ ရုံးရောက်တော့ ဘွဲ့ရဆိုပြီး လျှောက်လွှာပြင်ရေးလိုက်တယ်။ အဲ့မှာ ဘာဘွဲ့လဲ မေးတယ်။ GTU ကဆိုတော့ စခန်းမှာ ခံဝန်ရေးပြီး ပြန်လာဖို့ ပြောတယ်။ သူငယ်ချင်းတယောက်လည်း ဘွဲ့ရလို့ပဲ ရေးတာ။ ကောင်တာက ဘာဘွဲ့လဲမေးတော့ အဝေးသင်ဆို ဘာမှဆက်မမေးဘူး။ B.A, B.Sc တို့ဆိုလည်း ဘာမှမတောင်းဘူး။ စခန်းက ခံဝန်ယူပြီး ပြန်လာ‌တော့ အလှူငွေဆိုပြီး တောင်းတယ်၊ ၅,၀၀၀ ပေးတာမရဘူး၊ ၁၀,၀၀၀ လောက်တော့ လှူပါဆိုလို့ ပေးခဲ့ရတယ်။ လျှောက်ထားတာကလည်း PV ပါပဲ” လို့ ပြောပါတယ်။

ပတ်စ်ပို့ရုံးက ခံဝန်ချက်ထိုးခိုင်းတဲ့ စာသားမှာ လက်ရှိတွင် မည်သည့်အစိုးရဌာနဆိုင်ရာတွင်မှ အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးခြင်း မရှိဘဲ အခြားလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်လျက်ရှိပါသည်၊ လွဲမှားသော အကြောင်းအရာများကို ဖော်ပြ၍ နိုင်ငံကူးလက်မှတ် လျှောက်ထားမိပါက တည်ဆဲဥပဒေများ (သို့မဟုတ်) ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများအရ အရေးယူခံရမည်ကို သိရှိကြောင်း ဝန်ခံကတိပြုပါသည် စတဲ့အချက်တွေ ပါရှိတာကို တွေ့ရပါတယ်။

ပတ်စ်ပို့ရုံးနဲ့ နီးစပ်သူတဦးက  “အခုအခြေအနေက အခွန်က ပုံမှန်ပါပဲ။ ၃၅,၀၀၀ ကို Kpay ကနေ သွင်းရတယ်။ ကိုယ့်ဖုန်း ကိုယ့်အကောင့်ဆို ပိုကောင်းတာပေါ့။ ပျောက်ဆုံးဆို ၇၅,၀၀၀ ပါ။ ဝန်ထမ်းမှာမှ ကုမ္ပဏီတို့ ဘာတို့ဆိုရင် ခံဝန်မလိုဘူး။ ပတ်စ်ပို့သတင်းရဲရုံးခန်းမှာ ခံဝန်ဖောင်ရှိတယ်။ အဲ့ကနေ ထောက်ခံစာ ပြန်လုပ်ပေးရတယ်။ နောက်တခုက ထောင်ကျဖူးလား ဆိုတဲ့ဟာ၊ ထောင်ထွက်လက်မှတ်မူရင်း မပါရင် အထဲမှာ ရစ်တယ်။ ဝန်ထမ်းက အင်ဂျင်နီယာဆို CDM လား၊ ဒါမှမဟုတ် အခု တာဝန်ထမ်းဆောင်နေပြီး သူတို့ဌာနတွေကို အသိမပေးဘဲ ပြည်ပကို ထွက်ချင်တာလား၊ အဲ့ဒါကြောင့် ခံဝန်ဆိုပြီး ရဲစခန်းမှာ လက်မှတ်ထိုးခိုင်းနေတာ။ PJ ဆိုလည်း ပြည်ပက အလုပ်ခေါ်စာကို တော်တော်လေးစစ်နေတယ်။ တန်းစီတဲ့ အမှတ်စဉ်တွေကို ပိုက်ဆံယူပြီး ရှေ့ကိုခေါ်သွားတာတို့၊ ရုံးထဲရောက်မှ အလှူခံတယ်ဆိုပြီး ငွေကောက်တာတို့ဆို တိုင်ဖို့ ဖုန်းနံပါတ်တွေ ရုံးထဲရော၊ ရုံးပြင်မှာရော ရှိပြီးသားပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက လျှောက်ထားသူ ၅၂,၀၀၀ ကျော်နဲ့ ရက်ချိန်းယူမှု ကန့်သတ်ခဲ့ရာက မတ်လ ၅ ရက် ညပိုင်းမှာ ပြန်ဖွင့်လှစ်ပေးခဲ့ပြီး ဧပြီလ ၅ ရက်အထိ ရက်ချိန်းယူမှု ကန့်သတ်လိုက်ပြီလို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ကြေညာထားတာကို တွေ့ရပါတယ်။

လက်ရှိမှာ ပတ်စ်ပို့အမျိုးအစား ၆ မျိုးအထိ ခွင့်ပြုပေးထားတယ်လို့ သိရပြီး ၂၀၂၃ မတ်လ ၆ ရက်ကနေ တနင်္လာမှ သောကြာအထိ တနေ့ကို ပတ်စ်ပို့လျှောက်ထားသူ ၂,၀၀၀ ကျော်ခန့် ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013