DVB Logo
Home
Lead Story
အဟိတ်တိရစ္ဆာန်ထက်နိမ့်ကျတဲ့ အဋ္ဌမမြောက် မသူတော်
DVB
·
March 5, 2023
အဟိတ်တိရစ္ဆာန်ထက်နိမ့်ကျတဲ့ အဋ္ဌမမြောက် မသူတော်
Donate to DVB

မြန်မာစကားမှာ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ခုနစ်ပါးရယ်လို့ရှိပါတယ်။ ကိုယ့်အမည်ကို ကိုယ်ဖော်ထုတ် မြည်တွန်တတ်သော တိရစ္ဆာန်သတ္တဝါ ၇ မျိုးကိုဆိုလိုတာဖြစ်ပါတယ်။ 

အဲ့ဒီခုနစ်မျိုးကတော့

၁။ တောက်တဲ့

၂။ ဇီးကွက်

၃။ ရွှေပြည်စိုး

၄။ ယောက်ဖခွေးခေါ်ငှက်

၅။ တစ်တီတူး 

၆။ ဥဩငှက်

၇။ ဘုတ်ငှက်တို့ဖြစ်ပါတယ်။ 

တိရစ္ဆာန်သတ္တဝါမှတစ်ပါး လူတွေဟာ ကိုယ့်ရဲ့အမည်ဂုဏ်ပုဒ်ကို ကိုယ်တိုင်ထုတ်ဖော်ကြွားဝင့်ခြင်း၊ ကိုယ့်ဂုဏ်ကို ကိုယ်ဖော်ခြင်းတို့ဟာ လူကျင့်ဝတ်မှာ အကျုံးမဝင်ဘူး၊ လူကောင်းတို့ရဲ့ အပြုအမှုမဟုတ်ဘူး၊ တိရစ္ဆာန်တွေအလုပ်၊ တိရစ္ဆာန်တွေရဲ့အမူအကျင့်သာ ဖြစ်တယ်လို့ ရှုတ်ချ ပြောဆိုကြပါတယ်။ ထောင်လွှားတက်ကြွခြင်းမာနသဘောကို သက်ရောက်တာကြောင့် သူတော်ကောင်းတွေက စက်ဆုပ်ကြပါတယ်။

အခုချိန်ခါ မြန်မာနိုင်ငံမှာ အခုတော့ အပေါ်မှာရေးပြခဲ့ တိရစ္ဆာန် မသူတော် ၇ မျိုးနောက်မှာ သူတို့ထက်ပို ယုတ်ညံ့နိမ့်ကျတဲ့ အဋ္ဌမမြောက် မသူတော်တစ်အုပ်ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီအဟိတ်တိရစ္ဆာန်ကတော့ အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံရဲ့နောက်ဆုံးစစ်အာဏာရှင် လည်းဖြစ် ပြည်သူက မခန့်အပ်ဘဲ ဖက်ဆစ်တပ်မတော်ရဲ့ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ကိုယ့်ကိုယ်ကိုယ်ပြန်ခန့်ခဲ့တဲ့ မသူတော်ချုပ်မင်းအောင်လှိုင်နဲ့ စစ်မိစ္ဆာအုပ်ပဲ ဖြစ်ပါတယ်။ 

ပြည်သူသတ်အာဏာရူးမင်းအောင်လှိုင်ကို ၁၉၅၆ ခုနှစ် ဇူလိုင်လမှာ မွေးဖွားတာမို့ NLD ပြည်သူ့အစိုးရအာဏာရလာတဲ့နှစ် ၂၀၁၆ ခုနှစ်မှာ အသက် ၆၀ ပြည့်ပါတယ်။ တကယ်တမ်းက နိုင်ငံဝန်ထမ်းတစ်ယောက်ဟာ အသက် ၆၀ ပြည့်ရင် သက်ပြည့်ပင်စင်ယူရမယ်လို့ သတ်မှတ်ထားတဲ့ဥပဒေရှိပြီးသားဖြစ်ပါတယ်။ နောက်တော့မှ နိုင်ငံ့ဝန်ထမ်းတွေ အငြိမ်းစားယူရမယ့် အသက်ကို ၆၂ နှစ် အဖြစ် စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ပြောင်းလဲ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၀ ရက်မှာလုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ စစ်ရာဇဝတ်ကောင် ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးက တပ်မတော်သားများသည် နိုင်ငံဝန်ထမ်း ဖြစ်သော်လည်း တခြားသောနိုင်ငံဝန်ထမ်းများထက်စာလျှင် ထူးခြားသော သဘာဝရှိကြောင်းပြောပြီး စစ်ဘောင်းဘီချွတ် သမ္မတလက်ထက် ၂၀၁၄ ခုနှစ်ကတည်းက  ၄/၂၀၁၄ တပ်မတော် ကကန ကောင်စီအမိန့်နဲ့ ကာချုပ်နဲ့ဒုကာချုပ်တို့ဟာ အသက် ၆၅ ထက် မပိုသောကာလအထိ တာဝန်ထမ်းဆောင်ခွင့်ပြုခဲ့တယ်လို့ အရှက်မဲ့စွာ ပြောဆိုခဲ့ပါတယ်။

ပြီးတော့ မြထွန်းဦးက အဲ့သလိုခန့်တာဟာ စစ်ဗိုလ်ယုတ်ကြီးတွေ ကိုယ့်ဖာသာစိတ်ကြိုက်ရေးဆွဲပြီး သေနတ်နဲ့ချိန် အတည်ပြုခဲ့တဲ့ ၂၀၀၈ စစ်ကျွန်နာဂစ်ဥပဒေ ပုဒ်မ ၂၉၁ အရ တပ်မတော်သားများအတွက် တပ်မတော်ဥပဒေများအတိုင်း ဆောင်ရွက်နိုင်သည်လို့ ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

ဒါဟာ ကိုယ်ဆွဲထားတဲ့ဥပဒေနဲ့ ကိုယ်ဖာသာကိုယ်ပြန်ခန့်၊ ရာထူးပေးတာမို့ ကိုယ့်ဂုဏ်ကို ကိုယ်ဖော်တဲ့ မသူတော်လုပ်ရပ်ဖြစ်တာမို့ အဋ္ဌမမြောက် မသူတော်မျိုးလို့သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်နဲ့ စစ်အခွင့်ထူးခံဗိုလ်ယုတ်ကြီးတွေဟာ ကိုယ့်ဂုဏ်ကို ကိုယ်ဖော်ယုံတင်မက နိုင်ငံတော်ကိုပုန်ကန်အာဏာလု၊ ပြည်သူလူထုကို လက်နက်နဲ့အကြမ်းဖက်သတ်ဖြတ်နေကြတာမို့ အဟိတ်တိရစ္ဆာန်ထက်ပိုမိုယုတ်မာရိုင်းစိုင်းနိမ့်ကျတဲ့ မသူတော်တွေ ဖြစ်ကြပါတယ်။ 

တရားဝင်နိုင်ငံတော်ပြန်တမ်းမှာမရှိဘဲ ပြည်သူအများစုက မရွေးကောက်ဘဲ ပြိုင်ဘက်တွေကို ဖမ်းဆီးထောင်ချပြီး ကိုယ့်အဖွဲ့က ကိုယ်ရွေးကောက်ပြီး သမ္မတဖြစ်လာတဲ့ မသူတော်သမ္မတ သိန်းစိန်လက်ထက်မှာ ကိုယ့်ဂုဏ်ကို ကိုယ်ဖော်ပြီး မသူတော်ကာချုပ်မင်းအောင်လှိုင်ကို အချင်းချင်းလက်သိပ်ထိုး သက်တမ်းတိုးပေးခဲ့တာဖြစ်ပါတယ်။ သူ့တို့ဟာသူတို့ သက်တမ်းတိုးခဲ့တာဖြစ်တယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူကရွေးချယ်လို့အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာလည်း သူ့ကိုတရားဝင်ပြန်တမ်းနဲ့ ခန့်အပ်ပေးဖို့ အတင်းအကျပ်တောင်းဆိုဖူးသလို သမ္မတရာထူးပေးဖို့ မရှက်မကြောက် အရေးဆိုခဲ့ပါသေးတယ်။ ဒါပေမဲ့ NLD အစိုးရက ပြည်သူကမခန့်အပ်တာမို့ တရားဝင်ပြန်တမ်းမထုတ်ပြန်ပေးခဲ့ပါဘူး။ တနည်းအားဖြင့်ပြောရရင် မသူတော် မင်းအောင်လှိုင်ဟာ တရားမဝင် ကာချုပ်သာဖြစ်ပါတယ်။ 

အဲ့ဒါအပြင် ယိုသူမရှက် မြင်သူရှက်ရလောက်အောင် အဋ္ဌမမြောက် မသူတော်မင်းအောင်လှိုင်ဟာ ပြည်သူလူထုတစ်ရပ်လုံးက တူးတူးခါးခါးရွှံရှာမုန်းတီး‌နေတာသိလျက်နဲ့ ကိုယ့်ဂုဏ်ကိုယ်ဖော်တဲ့ သဘောနဲ့ သတိုးသီရိသုဓမ္မဘွဲ့နဲ့ သတိုးမဟာသရေစည်သူဘွဲ့ နှစ်ခုလုံးကို ကိုယ့်ဟာကိုယ် ပြန်ပေးအပ်ခဲ့ပါတယ်။

အဲ့ဒါအပြင် အရှက်မဲ့သမ္မတရူးမင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှအပြင် စစ်အာဏာရှင်ဟောင်း သန်းရွှေ မိန်းမကြိုင်ကြိုင်၊ ဒုစစ်ခေါင်းဆောင်ဟောင်း မောင်အေးမိန်းမ မြမြစန်း၊ သမ္မတဟောင်း သိန်းစိန် မိန်းမခင်ခင်ဝင်း၊ ယာယီသမ္မတ မြင့်ဆွေ မိန်းမ ခင်သက်ဌေး၊ လေယာဉ်ပျက်ကျ ကွယ်လွန်ခဲ့တဲ့ အတွင်းရေးမှူး ၂ ဗိုလ်ချုပ်တင်ဦး မိန်းမ သန်းသန်းနွဲ့၊ ဒုသမ္မတ စိုင်းမောက်ခမ်း မိန်းမ နန်းရွှေမှုံတို့ကို စုစုပေါင်း ၇ ဦးကို မင်းအောင်လှိုင်က အဂ္ဂမဟာသီရိသုဓမ္မသီင်္ဂီဘွဲ့က ဘွဲ့တွေ ဒီရက်ပိုင်းအတွင်း ပေးအပ်ခဲ့ပြန်ပါတယ်။

တကယ်တမ်းက အဲ့ဒီလို နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့တွေကို လွတ်လပ်ရေးရပြီးခါစကတည်းက နိုင်ငံ့ကောင်းကျိုး၊ ပြည်သူလူထုအကျိုးကို အမှန်တကယ်ထူးချွန်ထင်ရှားစွာ ထမ်းဆောင်သူတွေကို တရားဝင်နိုင်ငံတော်အကြီးအကဲနဲ့ သမ္မတ အဆက်ဆက်ကပဲ ပေးခဲ့တဲ့အစဥ်အလာရှိခဲ့ပါတယ်။ အခု သူ့ကိုယ်သူပြန်ပြီး ဂုဏ်ထူးဆောင်ပေးတဲ့ မသူတော်ကောင်ဟာ တိုင်းပြည်ကို ငရဲတွင်းထဲဆွဲချ ပြည်သူလူထုကို ရမ်းကားရက်စက်စွာ သတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်ကောင်ဖြစ်ပါတယ်။ 

အဲ့ဒါအပြင် ဟီရိဩတ္တပ္ပလုံးလုံးမရှိတဲ့ မိစ္ဆာအရူးမင်းအောင်လှိုင်ဟာ နိုင်ငံသူနိုင်ငံသားအများစု ပြည်သူလူထုက မပေးအပ်တဲ့ နိုင်ငံအကြီးအကဲတာဝန်ကို သေနတ်နဲ့လုယူပြီး သမ္မတထိုင်ခုံဝင်ထိုင်၊ သမ္မတစလွယ်၊ သမ္မတအိမ်တော်၊ သမ္မတအဆောင်အယောင်တွေ ကိုယ့်ဟာကိုယ်ရယူခဲ့ပြီး အခမ်းအနားတွေတက်အရူးထပြီး ကိုယ့်ဂုဏ်ကိုယ်ဖော်တဲ့အလုပ်တွေ အကြိမ်ကြိမ်ပြုခဲ့ပါတယ်။

ဒါကြောင့် တိုင်းရင်းသားရဟန်းရှင်လူပြည်သူတွေကတော့ အရှက်မရှိတဲ့သမ္မတရူး မင်းအောင်လှိုင်ရဲ့သူ့ကိုယ်သူပြန်ဆုချထားတဲ့ သတိုးသီရိသုဓမ္မဘွဲ့နဲ့ သတိုးမဟာသရေစည်သူဘွဲ့ နှစ်ခုလုံး နဲ့မထိုက်တန်တဲ့အပြင် ဆန့်ကျင်ဖက်ဂုဏ်သိက္ခာဆိုးအဖြစ် " သူခိုးအသီရိအဓမ္မနဲ့ သူခိုးမဟာ အသရေစည်သူ"ဘွဲ့ဆိုးတွေလို့ သတ်မှတ်နားခေါင်းရှုတ်ကြတာမို့ ကိုယ့်ဂုဏ်ကိုယ်ဖေါ် တဲ့စစ်ရာဇဝတ်ကောင်ဟာ အဟိတ်တိရစ္ဆာန်ထက်နိမ့်ကျတဲ့ အဋ္ဌမမြောက် မသူတော်အဖြစ် မြန်မာ့သမိုင်းမှာ ဖျက်မရတဲ့နာမည်ဆိုး ကမ္ပည်းထိုးရစ်ခဲ့ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013