Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းစစ်ဘေးရှောင်စခန်းမှ ပြည်သူများကို စစ်ကောင်စီက နေရပ်ပြန်ပို့
DVB
·
March 3, 2023

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန် စစ်ဘေးရှောင်စခန်းက ဒေသခံပြည်သူတွေကို မတ် ၃ ရက် ဒီမနက်ပိုင်းမှာ စစ်ကောင်စီက ထောက်ပံ့ကြေးငွေနဲ့ ဆန်ရိက္ခာပစ္စည်းတွေ ထောက်ပံ့ပေးပြီး  နေရပ်ပြန်ခိုင်းခဲ့တယ်လို့ ရေဖြူကန် စစ်ဘေးရှောင်စခန်းရဲ့ တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

အခုနေရပ် ပြန်ပို့ခံရတဲ့ စက်မှုဇုန်စစ်ဘေးရှောင် စခန်းမှာ ပုဏ္ဏားကျွန်မြို့နယ် သာစည်၊ ပန္နဲတော၊ ဒိုးတန်း၊ ကျောက်ဆိပ်နဲ့ ပလက်ဝမြို့နယ် နှမဒါကျေးရွာတွေက အိမ်ထောင်စု ၁၄၀ ကျော်က လူဦးရေ ၅၀၀ ကျော်ခိုလှုံနေကြတာဖြစ်ပြီး စစ်ဘေးရှောင်တွေဟာ ထောက်ပံ့ငွေ တအိမ်ထောင်ကို ကျပ် ၆ သိန်းယူကာ နေရပ်ပြန်ကြတာဖြစ်ပါတယ်။

စစ်ကောင်စီခန့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တအိမ်ထောင်ကို ထောက်ပံ့ငွေ ၅ သိန်းကျပ်၊ လူကယ်ပြန်က ၁ သိန်းကျပ်၊ ဆန်ရိက္ခာ ၁ လစာနဲ့ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး ထောက်ပံ့ပေးတာကြောင့် သဘောတူ ကြည်ဖြူစွာနဲ့ နေရပ်ပြန်ခဲ့ကြတာလို့ စစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။

သာစည်ကျေးရွာက စစ်ဘေးရှောင်ပြည်သူတယောက်ကတော့ “စစ်ကောင်စီဘက်က အခုလို ထောက်ပံ့ပေးတာကိုတော့ လက်ခံကြိုဆိုပါတယ်။ ကျနော်တို့ရွာကို ပြန်ရောက်ရင် ပျက်စီးယိုယွင်းနေတဲ့ နေအိမ်တွေကို ပြန်လည်ပြုပြင်ဖို့အတွက် စရိတ်ရတာကြောင့် နေအိမ်တွေ ပြုပြင်ရမှာပေါ့။ အသက်အန္တရာယ်ထိခိုက်မှာ ကြောက်လို့သာ တခြားနေရာမှာ လာရောက် ရှောင်တိမ်းနေရတာဖြစ်ပြီး လူတိုင်းကတော့ ကိုယ့်အိမ်မှာပဲ နေချင်ကြတာပါ” လို့ ပြောပါတယ်။

နေရပ်ပြန်ပို့ခံရတဲ့ စစ်ဘေးရှောင်တစ်ဦးကလည်း "ဒီနေ့မနက်စောစောက ပြည်နယ် ဝန်ကြီးချုပ်နဲ့ အဖွဲ့ရောက်လာပြီး စစ်ဘေးရှောင်တွေကို တစ်အိမ်ထောင်ကို ကျပ်ငွေ ၆ သိန်း​ပေးပြီး နေရပ်ပြန်ကြဖို့ ပြောကြားခဲ့တယ်။ သူကတော့ ရွာအနီးက မိုင်းတွေ ရှင်းလင်းပေးဖို့ ပြောကြားခဲ့တာတော့ရှိတယ်။ ဘယ်တော့ ရှင်းလင်းပေးမယ်ဆိုတာတော့ မပြောသွားဘူး။ ငွေ ၆ သိန်းဆိုတာကလည်း အခုအခြေအနေနဲ့ ဘာမှ လုပ်လို့မရဘူး။ ကျနော်တို့က ရွာပြန်သွားရင် တော၊ တောင်တွေမှာ မှီခိုပြီး လုပ်စားကြရမှာဖြစ်တယ်။ မြေမြုပ်မိုင်း အန္တရာယ်ကတော့ တော်တော်လည်းကို စိုးရိမ်မှုရှိတယ်" လို့ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ နေရပ်ပြန်လိုခြင်း မရှိပေမဲ့ စစ်ကောင်စီက ဖိအားပေးလာတာကြောင့် နေရပ်ပြန်ကြရတာဖြစ်ပြီး ထောက်ပံ့ငွေနည်းတာကြောင့် စားဝတ်နေရေး ခက်ခဲမှုတွေ ရှိလာမှာလို့ နောက်ထပ် စစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။

"ကျနော်တို့ကတော့ နေရပ်ပြန်လိုစိတ်တော့ သိပ်မရှိဘူး။ ဒါပေမဲ့ စစ်ကောင်စီက မပြန်လို့ မရဘူးဆိုပြီး ပြောလာတော့ ကျနော်တို့လည်း ဘာမှမတတ်နိုင်ဘူး။ သူတို့က အဆောင်တွေကို ဖျက်ဖို့အတွက် မြေတူးစက်တွေပါ တစ်ခါတည်း ယူလာကြတယ်။ သူတို့ရဲ့ ထောက်ပံ့ငွေ ၆ သိန်းကလည်း အခုကာလတန်ဖိုးနဲ့ ဘာမှ တန်းဖိုးရှိတာမဟုတ်ဘူး။ ဒီငွေ ၆သိန်းနဲ့ အိမ်ဆောက်ဖို့တောင် အဆင်မပြေနိုင်ဘူး။ ဘာမှ စားကြမလဲ မသိတော့ဘူး။ စားဝတ်နေရေးတော့ အခက်အခဲတွေ ရှိနိုင်တယ်" လို့ပြောပါတယ်။

အဲဒီစစ်ဘေးရှောင်စခန်းကို အရပ်သားအစိုးရလက်ထက်က ရခိုင်ပြည်နယ် အစိုးရအစီအစဉ်နဲ့ ဆောက်လုပ်ပေးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စစ်ကောင်စီခန့် နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာသက်သက်ခိုင်နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့ဟာ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်ရှိ စစ်ဘေးရှောင်တွေကို မိုးမကျမီ နေရပ်ပြန်ဖို့ ဖိအားပေး ပြောဆိုခဲ့ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ရှောင်တိမ်းခဲ့ရပြီး နီးစပ်ရာ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာလက်ရှိအပစ်အခတ်ရပ်စဲထားပေမဲ့ မိုင်းအန္တရာယ်ကြောင့် နေရပ်မပြန်ရဲတဲ့ ဒေသခံပြည်သူ ၆၆,၀၀၀ ကျော်ရှိနေကာ အကူအညီတွေ လိုအပ်နေတယ်လို့ ULA/AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024