DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ဖိတ်ခေါ်နေသော်လည်း ပြည်ပရောက်မြန်မာများ နေရပ်ပြန်ရန် အစီအစဉ်မရှိ
DVB
·
March 3, 2023
စစ်ကောင်စီက ဖိတ်ခေါ်နေသော်လည်း ပြည်ပရောက်မြန်မာများ နေရပ်ပြန်ရန် အစီအစဉ်မရှိ
Donate to DVB

စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကလွဲရင် အကြောင်း အမျိုးမျိုးကြောင့် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေ၊ ပြည်ပနိုင်ငံတွေဆီ ထွက်ပြေး တိမ်းရှောင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီက နေရပ်ပြန်လာဖို့ ကြေညာချက် ထုတ်ပြီး ဖိတ်ခေါ်နေပါတယ်။

ဘန်ကောက် မြန်မာသံရုံးကနေလည်း ထိုင်းနိုင်ငံအတွင်း တိမ်းရှောင်နေတဲ့ မြန်မာတွေ နေရပ် ပြန်နိုင်ဖို့ သံရုံးကတဆင့် ဆက်သွယ် ချိတ်ဆက်ဖို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံရေးအရ တိမ်းရှောင်နေသူတွေကတော့ ဒီမိုကရေစီအစိုးရ ပြန်မရမချင်း နေရပ်မပြန်ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောဆိုကြပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် ထိုင်းကိုရောက်လာတဲ့ မြန်မာတဦးက "စစ်ကောင်စီက အခုဆို နိုင်ငံအတွင်း နေ့ရောညပါ ပြည်သူတွေကို ဖမ်းဆီးတယ်။ သတ်ဖြတ်တယ်။ နေ့နေ့ညည ဖြစ်နေတယ်။ အဲ့အတွက်ကို ကျနော်တို့က ဒီမိုကရေစီ လိုလားတဲ့သူတွေဖြစ်တဲ့အတွက် သူတို့တွေ အာဏာရူးပြီး အုပ်ချုပ်တဲ့ နိုင်ငံမှာ ကျနော်တို့ မနေချင်လို့ ဒီဘက် ထွက်လာတာဖြစ်တယ်။ အဲ့တော့ သူတို့ ဘယ်လိုနည်းနဲ့ပဲပြန်ခေါ်ပြန်ခေါ် ကျနော်တို့က ဒီမိုကရေစီ အစိုးရသစ်တရပ် ပြန်ပေါ်မလာမချင်း မပြန်ဖို့ ဆုံးဖြတ်ထားတယ်”လို့ ပြောပါတယ်။

လုံခြုံရေးအရ အမည် မဖော်လိုတဲ့ နိုင်ငံရေးအရ တိမ်ရှောင်နေသူတစ်ဦးက" အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်ပထွက်တဲ့သူတွေက အကြောင်းအမျိုးမျိုးကြောင့် စိတ်မလုံခြုံမှုရော လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ထွက်တာများတယ်။ အဲ့တော့ ဒီနိုင်ငံကို ရွေးကောက်ပွဲအမီ ပြန်ခေါ်တာမျိုးလည်း ဖြစ်နိုင်တယ်။ ကျနော်တို့ ဝရမ်းတွေ ထုတ်ခံရတယ်။ ထုတ်ခံရလို့ ဒီနိုင်ငံ ရောက်လာတာဖြစ်တယ်။ NUG အစိုးရက ၂၀၂၃ မှာ အဆုံးသတ်နှစ်လို့ ပြောထားတဲ့အတွက် ပြည်တွင်းမှာ ကျန်ခဲ့သူတွေက လုံခြုံရေး တော်တော်လေး စိုးရိမ်ရတယ်။ ဘယ်အချိန်မှာ ဘာဖြစ်မယ်မှန်း မသိတဲ့အတွက် သတိအကြီးကြီးထားပြီးနေရတယ်လို့ မြင်ပါတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီက နေရပ်ပြန်ဖို့ ဖိတ်ခေါ်တဲ့ထဲမှာ CDM တွေနဲ့ CDM ကို ငွေကြေး ထောက်ပံ့သူတွေကို မပါဝင်ပါဘူး။ CDM ကြောင့် တိမ်းရှောင်လာသူ တစ်ယောက်တော့ စစ်ကောင်စီ လက်အောက်မှာ အသက်အန္တရာယ် မလုံခြုံတာကြောင့် မပြန်ရဲဘူးလို့ ပြောပါတယ်။

CDM ဆရာမ တစ်ဦးက"မဲဆောက်ဘက်မှာတောင် တရားမဝင် နေပြီးတော့ ကျောင်းဆရာ၊ ဆရာမကြီးတွေက အိမ်ဖော်လုပ်၊ ဈေးရောင်းပြီးနေတာလေ။ မပြန်ဘူးဆိုတာ သူတို့ကို မယုံတာတကြောင်း၊ မပြန်ချင်တာ တကြောင်း၊ လုံခြုံရေးအရ မယုံတာ တကြောင်း၊ ပြန်လာခဲ့လို့ ပြောပြီးမှ ထောင်ချတာတို့ ဖမ်းဆီးသတ်ပစ်တာတို့။ သူတို့ အောက်မှာ မနေချင်လို့မှ ပုန်ကန်လာတာလေ"လို့ ပြောပါတယ်။

ပြည်တွင်းမှာ ပဋိပက္ခဖြစ်ပွားမှုတွေကြောင့် အလုပ်အကိုင် ရှားပါးလာပြီး နေ့စဉ် ထိုင်းနိုင်ငံအတွင်းကို အလုပ်အကိုင် ရရှိနိုင်ဖို့ နည်းမျိုးစုံနဲ့ ဝင်ရောက်နေကြပါတယ်။

ထိုင်းနိုင်ငံထဲမှာ မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေ ကူညီပေးနေသူတွေနဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးပို့စ် တင်သူတွေဟာလည်း မြန်မာနိုင်ငံအတွင်းကို ပြန်လည် ဝင်ရောက်တဲ့အခါ အဖမ်းခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေးကို ထိုင်းရောက် မြန်မာတွေကြား တက်တက်ကြွကြွ ပူးပေါင်း ပါဝင်တဲ့ ဆန္ဒပြပွဲတွေကိုလည်း မြန်မာသံရုံးနဲ့ ယူအန်ရုံးရှေ့တွေမှာ မကြာခဏ ပြုလုပ်နေတာပါ။ ထိုင်းရောက် မြန်မာလုပ်သားတွေရဲ့ သဘောဆန္ဒကတော့ စစ်ကောင်စီ အုပ်ချုပ်နေသရွေ့ မပြန်လိုဘူးလို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) က ပြောပါတယ်။

 (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက  "မြန်မာနိုင်ငံဘက် သူတို့ ဝမ်းဗိုက်ထဲရောက်သွားရင် ဖြစ်ချင်တိုင်း ဖြစ်သွားနိုင်တယ်။ ထောင်လည်း ချနိုင်တယ်။ ဖမ်းဆီးနှိပ်စက်၊ နောက်တခုက အေးအေးဆေးဆေး နေရမယ်ဆိုပြီး ဘွန်းထိုး၊ လက်မှတ်ထိုးပြီး သူတို့အတွက် သတင်းပေးနေရမယ်။ အဲ့တော့ ကိုယ်အနေအချောင် အစားချောင်ဖို့အတွက် ပြန်သွားသူတွေလည်း ရှိမှာပဲ"လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံအတွင်းကို အထောက်အထားမဲ့ ဝင်ရောက်လို့ ဖမ်းဆီးခံရသူ ၂၀၂၂ တနှစ်တည်းမှာတင် ၄၀၀၀၀ ကျော်လောက် ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။ အခုချိန်မှာ နယ်မြေ မတည်ငြိမ်မှုနဲ့ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် နေရပ်ပြန်ဖို့ မဖြစ်နိုင်ဘူးလို့ ထိုင်းရောက် မြန်မာလူငယ်တစ်ယောက်က ပြောပါတယ်။

"ကျနော်တို့နိုင်ငံမှာက အလုပ်လည်း မပေးနိုင်ဘူးလေ။ အတတ်ပညာရှင်တွေတောင်မှ ထိုက်သင့်တဲ့ လစာမှ မရတာ။ ဒီလို အခြေအနေနဲ့ဆို ပိုဆိုးသွားပြီ။ အဲ့လိုဆိုတော့ ပြန်မှာ မဟုတ်ဘူး။ CDM ကြောင့်ပဲ တိမ်းရှောင်ရ ရှောင်ရ ပြန်မှာ မဟုတ်ဘူး။ အဓိကက သူတို့ မယုံလို့လေ။ ကျနော်ဆိုလည်း မပြန်ဘူး။ အစောကတည်းက CDM သမားတွေ နိုင်ငံပြင် ထွက်လို့ မရအောင် သူတို့ တားထားတာပဲ။ CDM ဆိုကတည်းက တော်လှန်ရေးမှာ ပါဝင်ချင်တာလေ"လို့ ထိုင်းရောက် မြန်မာလူငယ် တစ်ဦးက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံ ထောင်ချခံရမှာ စိုးရိမ်လို့ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသူ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတို့မှာ အရေအတွက် အနည်းဆုံး ၇၀,၀၀၀ ကျော်အထိ ရှိတယ်လို့ ကုလသမဂ္ဂစာရင်းတွေအရ သိရပါတယ်။ 

လက်ရှိ ထိုင်းနိုင်ငံမှာ အလုပ်လုပ်သူ အရေအတွက် ၅ သန်း နီးပါးရှိနေပြီး CDM အပါအဝင် အကြောင်း အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာသူ ၆၀,၀၀၀ ကျော်ရှိတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013