DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ထောက်ပံ့နေသည့်ကုမ္ပဏီများကို စုံစမ်းဖော်ထုတ်
DVB
·
March 2, 2023
မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ထောက်ပံ့နေသည့်ကုမ္ပဏီများကို စုံစမ်းဖော်ထုတ်
Donate to DVB

စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်ပို့ရောင်းချသယ်ယူပေးနေတဲ့ ကုမ္ပဏီတွေကို ဝိုင်းဝန်းတားဆီးပေးကြဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) နဲ့ Global Witness အဖွဲ့တို့က မေလ ၁ ရက်နေ့မှာ ပူး ပေါင်းတောင်းဆိုလိုက်ပါတယ်။

ပြည်သူတွေကို လေကြောင်းကနေဗုံးကြဲ ပစ်ခတ်သတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်နဲ့ ထိတွေ့ဆက်ဆံနေပြီး မြန်မာစစ်တပ်အတွက် လေယာဉ်ဆီတင်ပို့နေတဲ့ကွင်းဆက်ထဲမှာ ပါဝင်နေတဲ့ကုမ္ပဏီတွေ စစ်ဆေးစုံစမ်းအတည်ပြု ဖော်ထုတ်ပြီး တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

လတ်တလော လေယာဉ်ဆီတင်ပို့မှုတစ်ခုမှာဆိုရင် အိန္ဒိယနိုင်ငံ ဆစ်ကာဆိပ်ကမ်းကနေ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်မှာ ထွက်ခွာလာတဲ့ ရေနံတင်သင်္ဘော Prime V ဟာ ဒီဇင်ဘာလ ၁၀ ရက် ဝန်းကျင်မှာ မြန်မာနိုင်ငံသီလဝါမှာတည်ရှိတဲ့ Puma Energy လေယာဉ်ဆီလုပ်ငန်းပိုင် သင်္ဘောဆိပ်မှာ Jet A-1 အဆင့်ရှိ လေယာဉ်ဆီတွေ ချထားခဲ့ပါတယ်။

Prime V သင်္ဘောထွက်ခွာခဲ့တဲ့ အိန္ဒိယနိုင်ငံက အဲဒီဆိပ်ကမ်းဟာ အိန္ဒိယအခြေစိုက် Reliance Industries ကုမ္ပဏီပိုင်တဲ့ ဆိပ်ကမ်းဖြစ်ပြီး Prime V သင်္ဘောကို ပိုင်ဆိုင်တဲ့ ကုမ္ပဏီကတော့ ဂရိအခြေစိုက် Sea Trade Marine ကုမ္ပဏီဖြစ်ကာ Prime V ရဲ့ သင်္ဘောနဲ့ ရေလမ်းခရီးလုပ်ငန်းဆိုင်ရာ (P&I) အာမခံကိုတော့ Japan P&I Club မှာ ထားရှိထားခဲ့တာဖြစ်ပါတယ်။ 

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဆက်သွယ်မေးမြန်းရာ Prime V ကို အာမခံပေးချိန်မှာ အဲဒီအချိန်က ဒဏ်ခတ်ပိတ်ဆို့မှုစည်းကမ်းတွေကို လိုက်နာခဲ့ကြောင်း၊ တကယ်လို့ သင်္ဘောရဲ့ လုပ်ငန်းစဉ်တွေမှာ ဥပဒေနဲ့ မညီညွတ်တာတွေ ပါလာခဲ့ရင် အာမခံပေးထားတာကို ရပ်ဆိုင်းလိုက်မှာဖြစ်ကြောင်း၊ ဒီပို့ဆောင်မှုမှာလည်း Prime V ဟာ သတ်မှတ်ထားတဲ့ ဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်တယ်လို့ မတွေ့ရကြောင်း Japan P&I Club က ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဥပဒေနဲ့ မညီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ဆီမှာ လမ်းဆုံးသွားတယ်လို့ ယူဆရတဲ့ လေယာဉ်ဆီ သယ်ယူပို့ဆောင်မှုတွေကို ခြေရာခံနိုင်ခဲ့ကြောင်းနဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားတွေ သေဆုံးခဲ့ရတယ်။ လေယာဉ်ဆီမရှိရင်တော့ လေယာဉ်တွေက ပျံသန်းနိုင်မှာ မဟုတ်ဘူးလို့ AI အဖွဲ့က ပြောပါတယ်။

မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်ပို့ရောင်းချမှုတွေ ရှိနေလို့သာ သူတို့က ဒီရာဇဝတ်မှုတွေကို ကျူးလွန်နိုင်နေတာဖြစ်ပြီး လေယာဉ်ဆီတင်ပို့ရောင်းချမှုတွေကို ရပ်တန့်ဖို့လိုပါတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ သုတေသီလည်းဖြစ် စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးလည်းဖြစ်တဲ့ မွန်ဆေဖယ်ရာက ပြောပါတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုကို ပါဝင်ကူညီခဲ့တဲ့ Global Witness အဖွဲ့မှ အကြီးတန်းစုံစမ်းစစ်ဆေးရေးအရာရှိ ဟန်နာဟင်းစထရွမ်းကလည်း “အကျိုးအမြတ်ထက် လူသားတွေရဲ့ ဘဝတွေကို အလေးထားပြီး လေယာဉ်ဆီတင်ပို့ထောက်ပံ့ရင်းနဲ့ မြန်မာစစ်တပ်ရဲ့ ရက်ရက်စက်စက် အကြမ်းဖက်မှုတွေကို ကူညီနေတာတွေရပ်တန့်ပေးကြပါလို့ ဒီကုန်သွယ်ရေးလုပ်ငန်းမှာ ပါဝင်နေတဲ့သူတိုင်းကို ကျတို့ တိုက်တွန်းပါတယ်။ နောက်ထပ် နိုင်ငံတွေကလည်း လေယာဉ်ဆီသယ်ယူပို့ဆောင်မှုတွေကို တားမြစ်နိုင်ရေးအတွက် ဥပဒေပြဋ္ဌာန်းတာတွေ စည်းကမ်းတင်းကျပ်ထိန်းသိမ်းတာတွေ ဆောင်ရွက်ကြဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ အတည်ပြုထုတ်ပြန်ခဲ့တဲ့ Puma Energy လောင်စာဆီကုမ္ပဏီဟာ မြန်မာနိုင်ငံက သူပိုင်လေယာဉ်ဆီလုပ်ငန်းတွေကို မြန်မာနိုင်ငံကစီးပွားရေးလုပ်ငန်းအဖွဲ့တစ်ခုကို ရောင်းချဖို့ဆုံးဖြတ်ခဲ့တာဟာ ပြဿနာရှိပါတယ်။ အဲဒီ စီးပွားရေးလုပ်ငန်းအဖွဲ့ဟာ မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်ပို့ရောင်းချခဲ့တဲ့ အဖွဲ့ဖြစ်တယ်လို့  မွန်ဆေဖယ်ရာက ပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလမှာ မြန်မာစစ်တပ်ဆီကို လေယာဉ်ဆီတင်ပို့မှုတစ်ခုရှိခဲ့ပြီး အဲဒီ တင်ပို့မှုမှာတော့ ဘန်ကောက်မှာရှိတဲ့ ဘန်ချက်ရေနံသန့်စင်ဆိပ်ကမ်းကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့မှာ ထွက်ခွာသွားတဲ့ လူဇန်ဘာ့ဂ် အခြေစိုက် ကုမ္ပဏီပိုင် Big Sea 104 သင်္ဘာဟာ နောက်ထပ် ရက်သတ္တပတ်ခန့်အကြာမှာ သီလဝါဆိပ်ကမ်းကို ရောက်ရှိခဲ့ပြီး Jet A-1 အဆင့် လေယာဉ်ဆီ တန်ပေါင်း ၁၂၅၉၂ တန်ကို ချထားခဲ့ကြောင်း လူသုံးကုန်အချက်အလက်ကုမ္ပဏီ ကပလာ (Kpler) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

Big Sea 104 ထွက်ခွာလာခဲ့တဲ့ အဲဒီရေနံသန့်စင်ဆိပ်ကမ်းကို ထိုင်းကုမ္ပဏီတွေဖြစ်တဲ့ Bangchak Corporation Plc က ပိုင်ဆိုင်တာဖြစ်ပါတယ်။ Big Sea 104 ရဲ့ လုပ်ငန်းလုပ်ပိုင်ခွင့်ကိုတော့ နောက်ထပ် ထိုင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Prima Marine Plc က ပိုင်ဆိုင်တာဖြစ်ပါတယ်။ 

Big Sea 104 ရဲ့ သင်္ဘောနဲ့ ရေလမ်းခရီးလုပ်ငန်းဆိုင်ရာ (P&I) အာမခံကိုတော့ လူဇန်ဘာ့ဂ်အခြေစိုက် The Shipowners’ P&I Club က ပေးထားတာဖြစ်ပြီး ဒီကိစ္စ အေအိုင်အဖွဲ့က စာနဲ့ဆက်သွယ် မေးမြန်းတာကို အဲဒီကုမ္ပဏီတွေ အားလုံးက ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

အဲဒီ လေယာဉ်ဆီသယ်ဆောင်လာတဲ့ သင်္ဘောနှစ်စီး မြန်မာနိုင်ငံကိုရောက်လာတဲ့အချိန်ဟာ Puma Energy ရဲ့ မြန်မာရုံးခွဲက အဲဒီဆိပ်ကမ်းကို ထိန်းချုပ်ထားဆဲကာလ ဖြစ်ပါတယ်။ Puma Energy ပိုင်ဆိုင်တဲ့ မြန်မာနိုင်ငံကလေယာဉ်ဆီလုပ်ငန်းကို Shoon Energy က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းမှာမှ အပြီးသတ်ဝယ်ယူခဲ့တာဖြစ်ပါတယ်။ 

Shoon Energy ဟာ မြန်မာ့စီပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ Asia Sun ရဲ့ လုပ်ငန်းခွဲတစ်ခုသာဖြစ်ပြီး Asis Sun ဟာ မြန်မာစစ်တပ်ကိုယ်စား လေယာဉ်ဆီတွေ ဝယ်ယူတင်သွင်းပြီး လေတပ်စခန်းတွေရှိရာကို ပြန်လည်ဖြန့်ဖြူးပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ Puma Energy ထွက်ခွာသွားပြီးနောက် သီလဝါ ဆိပ်ကမ်းက လေယာဉ်ဆီအဓိကတင်သွင်းတဲ့ ဆိပ်ကမ်းကို Asia Sun အဖွဲ့ကပဲ မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (MPPE)နဲ့ ပူးပေါင်းကာ ထိန်းချုပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။ 

မြန်မာ့လေတပ်စခန်းတွေမှာ လေယာဉ်ဆီရရှိရေး ထောက်ပံ့ကူညီဆောင်ရွက်ပေးနေတဲ့ Asia Sun အုပ်စုထဲက ကုမ္ပဏီတွေနဲ့ လူတွေကို   ပြီးခဲ့တဲ့ လကပဲ ယူကေနဲ့ ဥရောပသမဂ္ဂတို့က စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ပေမဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ မချမှတ်မီတည်းက Asia Sun က သူ့ရဲ့ ကုမ္ပဏီအချို့ကို Shoon လို့ အမည်ပြောင်းထားခဲ့ပြီးဖြစ်ပါတယ်။

သူ့ရဲ့ လုပ်ငန်းတွေကို ရောင်းချခဲ့စဉ်က မြန်မာနိုင်ငံက ဝယ်ယူမယ့် ကုမ္ပဏီဟာ သူတို့ဝယ်ယူမယ့် လုပ်ငန်းတွေကို လူ့အခွင့်အရေးဆိုင်ရာဥပဒေတွေနဲ့အညီ ဆောင်ရွက်လုပ်ကိုင်သွားမှာဖြစ်ပါတယ်လို့ Puma Energy က ထုတ်ပြန်ခဲ့ပါတယ်။ 

ဒါပေမဲ့ Shoon Energy နဲ့ မြန်မာစစ်တပ်ရဲ့ နီးကပ်တဲ့ဆက်ဆံရေးကိုကြည့်ရင် Puma Energy ရဲ့ ထုတ်ပြန်ချက်ဟာ အဓိပ္ပါယ်မရှိပါဘူးလို့ မွန်ဆေဖယ်ရာကပြောပါတယ်။

မြန်မာစစ်တပ်ကဥပဒေနဲ့ မညီတဲ့လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ကျူးလွန်နိုင်အောင် အဲဒီကုမ္ပဏီတွေက ကူညီနေကြတာကို ရပ်တန့်နိုင်ဖို့နဲ့ မြန်မာစစ်တပ်ကို လေယာဉ်ဆီ တင်ပို့နေတဲ့ လုပ်ငန်းကွင်းဆက်ထဲကနေ ကုမ္ပဏီတွေအားလုံးထွက်ကြဖို့လိုတယ်လို့ မွန်ဆေဖယ်ရာ က ပြောပါတယ်။

မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို ကူညီပေးရာရောက်မှန်း သိနေကြပေမဲ့  ကုမ္ပဏီတွေက လေယာဉ်ဆီဆက်လက်တင်ပို့ရောင်းချနေဆဲ ဖြစ်တာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေက ဒီကိစ္စမှာ ဝိုင်းဝန်းတားမြစ်ပေးကြဖို့လိုတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့ရောင်ချခြင်းနဲ့ ပို့ဆောင်ခြင်းတွေတားမြစ်ရပ်တန့်ဖို့အတွက် အာမခံလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနဲ့ သင်္ဘောလုပ်ငန်းအတွက် ငွေကြေးထောက်ပံ့ခြင်းတို့လို ကြားခံဝန်ဆောင်မှုတွေဆောင်ရွက်နိုင်ခြင်းမရှိအောင်လည်း တားမြစ်ကြဖို့လိုတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်က အရပ်သားတွေ အပေါ်အကြမ်းဖက်နေတာတွေ ရပ်တန့်နိုင်ရေးအတွက် ကျမတို့ တတ်နိုင်တာကို ဆောင်ရွက်ကြဖို့လိုပါတယ်လို့ ဟန်နာဟင်းစထရွမ်က ပြောပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်တုန်းကလည်း မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်ပို့ရောင်းချနေတဲ့ နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာကုမ္ပဏီတွေ အကြောင်းကို သေမင်းတမန်ပို့ဆောင်ရေး (Deadly Cargo) အမည်နဲ့ အစီရင်ခံစာ တစ်စောင်ထုတ်ပြန်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ဟာ သူ့ကိုဆန့်ကျင်လာတဲ့သူမှန်သမျှကို ရက်ရက်စက်စက်ဖိနှပ်အကြမ်းဖက်သတ်ဖြတ်နေပြီး  အရပ်သားတွေကိုလည်း  မြေပြင်ကရော လေကြောင်းကပါတိုက်ခိုက်နေတာဖြစ်ပါတယ်။ 

Myanmar Institute for Peace and Security (MIPS) ရဲ့ အချက်အလက်တွေအရ မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၀၄ ကြိမ် ကျူးလွန်ခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်းမှာတော့  ၂၄၃ ကြိမ်ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013