DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် မြေရှားသတ္တု တူးဖော်သည့်လုပ်ငန်း တိုးချဲ့နေဟု Global Witness ထုတ်ပြန်
DVB
·
August 9, 2022
မြန်မာနိုင်ငံတွင် မြေရှားသတ္တု တူးဖော်သည့်လုပ်ငန်း တိုးချဲ့နေဟု Global Witness ထုတ်ပြန်
Donate to DVB

စစ်တပ်နဲ့ဆက်စပ်နေတဲ့ ပြည်သူ့စစ်တွေကို ငွေကြေးပံ့ပိုးနေတဲ့ တရားမဝင် မြေရှားသတ္တု တူးဖော်တဲ့လုပ်ငန်းဟာ မြန်မာနိုင်ငံမှာ အကြီးအကျယ် အရှိန်အဟုန်မြှင့် တိုးချဲ့လာနေတယ်လို့ Global Witness အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

သဘာဝအရင်းအမြစ်နဲ့ အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးစနစ်ရဲ့ အဂတိမှုတွေကို ဖော်ထုတ်နေတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် Global Witness အဖွဲ့ပိုင် ဂြိုဟ်တု လေ့လာတွေ့ရှိချက်အရ ၂၀၂၂ ခုနှစ် မတ်လမှာ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ စင်ကာပူနိုင်ငံ အရွယ်အစားလောက်ရှိတဲ့ နယ်မြေထဲမှာ မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက်ပေါင်း ၂,၇၀၀ ကျော် တွေ့ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ အခုအခါ မြေရှားသတ္တုဒြပ်စင် အများဆုံးထုတ်လုပ်တဲ့နေရာ ဖြစ်လာပြီး ဒါဟာ လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးတာတွေကို တိုးပွားစေပြီး စစ်တပ်နဲ့ ဆက်စပ်နေတဲ့ ပြည်သူ့စစ်တွေကို ငွေကြေးပံ့ပိုးနေတာ တွေ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ထဲမှာ သူတို့ရဲ့ မြေရှားတူးဖော်ရေးလုပ်ငန်း အများစုကို ကချင်ပြည်နယ်ရဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသတခုဆီကို ရွှေ့ပြောင်းခဲ့တာ တွေ့ရပြီး အဲဒီနေရာဟာလည်း ကမ္ဘာပေါ်မှာ အရေးပါတဲ့ တွင်းထွက်တွေ အများဆုံးထွက်တဲ့ အရင်းအမြစ် ဖြစ်လာပြီလို့ ဆိုပါတယ်။

Global Witness ဟာ ထိခိုက်နစ်နာခဲ့တဲ့ အသိုင်းအဝိုင်းတွေနဲ့ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံမေးမြန်းတာ၊ ခေတ်မီ ဂြိုဟ်တုပုံတွေ၊ အချက်အလက်တွေကို စိစစ်ခဲ့ရာမှာ ၂၀၁၆ ခုနှစ်က ကချင်ပြည်နယ်မှာ မြေရှားသတ္တုတူးဖော်ရေးလုပ်ကွက် နည်းနည်းပဲ ရှိခဲ့ပေမဲ့ အခုတော့ အဲဒီနယ်မြေက သီးခြားနေရာပေါင်း ၃၀၀ လောက်မှာ သတ္တုပျော်ရည် စုဆောင်းကန်ပေါင်း ၂,၇၀၀ ကျော်ကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

သတ္တုတူးဖော်တဲ့နယ်မြေက အန္တရာယ်ဖြစ်စေတဲ့ စွန့်ပစ်ပစ္စည်းတွေဟာ မေခမြစ်ထဲကို တိုက်ရိုက်စီးဝင်နေတယ်လို့ ကချင်ဒေသခံတွေက သတင်းပေးပို့ခဲ့ကြပြီး လုပ်ကွက်တွေနားမှာ တွေ့ရတဲ့ အရိုးပွရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါတွေနဲ့ အစာအိမ် အူလမ်းကြောင်း၊ အရေပြားရောဂါ၊ မျက်စိရောဂါတွေ အပါအဝင်  ကျန်းမာရေးပြဿနာတွေဟာ အခု မြန်မာနိုင်ငံမှာလည်း တွေ့လာရတယ်လို့ ဆိုပါတယ်။

ဒီ တရားမဝင် ကုန်သွယ်လုပ်ငန်းက ငွေကြေးပမာဏ အမြောက်အမြားဟာ သတ္တုတူးဖော်ရေး နယ်မြေကို ထိန်းချုပ်ထားတဲ့ ဒေသခံ စစ်ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဇခုန့်တိန့်ယိန်းအတွက် အမြတ်အစွန်း အများကြီးရစေပြီး ဇခုန့်တိန့်ယိန်း၊ သူ့မိသားစုဝင်တွေနဲ့ တခြား ပြည်သူ့စစ်ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံက မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းရဲ့ အဓိကပွဲစားတွေ ဖြစ်လာကြတယ်လို့လည်း Global Witness က ထုတ်ပြန်ထားပါတယ်။

Global Witness ရဲ့ CEO ဖြစ်သူ Mike Davis က  “မြေရှားသတ္တုတူးဖော်တာဟာ  ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ ကျောက်စိမ်းလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်းနဲ့ သစ်ထုတ်လုပ်ရေးလုပ်ငန်းများ အပါအဝင် တိုင်းပြည်ရဲ့ ပေါကြွယ်ဝတဲ့ သဘာဝ သယံဇာတတွေကို ခိုးယူလုယက်ပြီး ဆယ်စုနှစ်များစွာ ရပ်တည်လာခဲ့တဲ့ မြန်မာစစ်တပ်ရဲ့  နောက်ဆုံးပေါ် သယံဇာတ ဓားပြတိုက်မှုဖြစ်ပါတယ်” လို့ ပြောပါတယ်။

Global Witness က အထူးသီးခြားရရှိထားတဲ့ အထောက်အထားတွေအရ ဒေသခံ ပြည်သူ့စစ်အဖွဲ့တခုရဲ့ ခေါင်းဆောင် ၂ ယောက်ဟာ မကြာသေးခင်ကာလက ကျေးရွာကိုယ်စားလှယ်တွေကို အစည်းအဝေးခေါ်ယူပြီး သတ္တုတူးဖော်ရေး လုပ်ကွက်သစ်တွေအတွက် မြေယာတွေ မစွန့်လွှတ်ရင် ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တရားမဝင် တူးဖော်ထုတ်လုပ်ခဲ့တဲ့ မြေရှားသတ္တုဒြပ်စင်တွေကို တရုတ်နိုင်ငံ အစိုးရပိုင် ကုမ္ပဏီတွေက စီမံပြုပြင်ပြီး General Motors, Mitsubishi Electric, Siemens, Tesla နဲ့ Volkswagen တို့အပါအဝင် လျှပ်စစ်မော်တော်ယာဉ်တွေ၊ လေအားလျှပ်စစ်ထုတ်တဲ့ လေရဟတ်တွေနဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကမ္ဘာပေါ်မှာ လူသိအများဆုံး အမှတ်တံဆိပ်တချို့ဆီကို တင်သွင်းတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်အပေါ် နိုင်ငံတကာရဲ့ ဒဏ်ခတ်အရေးယူတာမှာ မြေရှားကိုပါ ထပ်ပြီး ထည့်သွင်းဖို့ လိုအပ်နေတယ်လို့ Global Witness ရဲ့ CEO ဖြစ်သူ Mike Davis က ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013