စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကုန်းရွာအနီးကို စစ်ကောင်စီတပ်က မတ်လ ၁ ရက် ဒီနေ့ မနက် ၁၁ နာရီကျော်က ဂျက်လေယာဉ်နဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလိုပစ်ခတ်တာဟာ မြေပြင်မှာ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ပြီး အကျအဆုံးများတာကြောင့် အခုလို လေယာဉ်နဲ့ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ယင်းမာပင်ဒေသခံ ကိုသူရိန်က “စခတွေက တာဝရွာကနေ မနေ့ကထွက်လာပြီး ကုန်းရွာကိုဝင်၊ မနေ့က ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်း ၇ နာရီကျော်က ရွာကိုမီးရှို့နေတယ်။ ဒီနေ့ မနက်ခင်းတော့ ရွာတောင်ဘက်ကို ထွက်လာတာကို ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲပြီး ခဏနေကြတော့ လေယာဉ်နဲ့ လာပစ်နေတယ်။ အခုအထိ ပစ်ခတ်နေတုန်းဗျ။ အထိအခိုက် အကျအဆုံးကတော့ လတ်တလော ဘာမှမသိရသေးဘူးဗျ။ နောက်ပြီး ဖုန်းလိုင်းတွေလည်း ဆက်သွယ်ရတာ အဆင်မပြေ ဖြစ်နေတယ်” လို့ ပြောပါတယ်။
အခုလို စစ်ကြောင်းထိုးနေတာကြောင့် တင်ဆုံရွာ၊ ကျွန်းတောရွာ၊ ဇီးတောမြောက်ရွာ/အရှေ့ရွာ၊ လာပို့ရွာ၊ ပေါက်ပန်းဖြူရွာ၊ ကုန်းရွာ၊ လက်လှုပ်ရွာ၊ ပြောင်းပြန်ရွာ၊ ရုံးလေးပင်ရွာ၊ နှုံးကြီးရွာ၊ မြောက်နှုန်းရွာ၊ နတ်ထောင့်အရှေ့ရွာ၊ နတ်ထောင့် အနောက်ရွာ၊ ဆေးကျွန်းရွာ၊ ချောင်းဆုံရွာ စတဲ့ရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဆည်ကုန်းနဲ့ ကျောင်းရွာကြား ကျွဲသေချောင်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါင်းစုံ ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ် ၂ နာရီကျော်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ကျောက်လုံးကြီးတပ်မဟာတပ်ခွဲရဲ့ စေတန်အဖွဲ့ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေးက “ကျနော်တို့ ဖရဲသီးသတင်းရထားတာက ဒီကောင်တွေ ကူတော်ရွာက စခန်းစောင့် စခတွေနဲ့ တပ်ချိန်းမယ်လို့ ကြိုသိထားတယ်။ ကူတော်ရွာ ရဲစခန်းစောင့် (--) တွေက ကန်ရေတွေချိုးပြီး ယားနာတွေ ပေါက်တဲ့သူကပေါက်၊ နေမကောင်းနေတဲ့သူက နေမကောင်းဖြစ်နေလို့ တပ်ချိန်းတာလို့ သတင်းရထားတယ်။ အဲလိုတပ်ချိန်းလာတဲ့ (--) တွေကို ကျနော်တို့ ကြိုပြီး မိုင်းဆွဲတာလည်း လုပ်သလို ထိပ်တိုက်ပစ်ခတ်တာတွေလည်း လုပ်ခဲ့တယ်။ အဲလိုတိုက်ခိုက်ပြီး (--) တွေ ၂၀ လောက်ကျသွားတယ်။ အကျများလို့ ညနေ ၄ နာရီခွဲ ၅ နာရီလောက်ကျတော့ ဂျက်လေယာဉ်နဲ့ ၅ ပတ် ပတ်ပြီးပစ်တယ်။ လေယာဉ်နဲ့ပစ်ခတ်လို့ ကျနော်တို့ဘက်က ရဲဘော် ၃ ဦး ကျည်ထိမှန်ထားတယ်။ အသက်အန္တရယ်ကတော့ မစိုးရိမ်ရဘူး။ ထိတာက နံရိုးရှပ်ထိတယောက်၊ ခြေသလုံးရှပ်ထိတယောက်၊ လက်မောင်းရှပ်ထိတယောက် ရခဲ့တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး ကျုံးရွာ၊ ငှက်ပျောရေစင်ရွာ၊ ကျောင်းရွာ၊ ငပယင်းရွာက ပြည်သူတွေ စစ်ဘေးရှောင်နေရပြီး စစ်ကောင်စီတပ်ကတော့ လက်ရှိအချိန်အထိ ကျောင်းရွာအနီးမှာ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုတိုက်ပွဲကို ဘုတလင်မြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့တွေ၊ ဒေသခံတပ်ရင်းတွေ၊ ဒီပဲယင်းမြို့နယ်က တပ်ရင်းတချို့နဲ့ ကနီမြို့နယ် ကျောက်လုံးကြီးတပ်ရင်းအဖွဲ့ရဲ့ စေတန်တပ်ခွဲတို့ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်မှာတော့ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းမှာပဲ လှတောစံပြကျေးရွာကနေ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မူးကြီးရွာအနောက်ဘက် ကန်ဘောင်နားမှာ GZ Special Task Force-Wetlet ရဲ့ ဘွားကြီးတပ်ခွဲက ရှေ့ထွက်မိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နေရာမှာပဲ စစ်ကောင်စီတပ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာပြီးတဲ့နောက် လှတောကို စစ်အင်အား အမြောက်အမြား ဖြည့်တင်းပြီး ဒေသတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ဖျက်ဆီးတာတွေ ရှိလာတာကြောင့် မကြာသေးခင်ကမှ မီးရှို့ဖျက်ဆီးခံထားရတဲ့ ကျေးရွာတွေက ဒေသခံတွေ စိတ်မအေးနိုင် ဖြစ်နေကြောင်း ဒေသခံတဦးက ပြောပါတယ်။