DVB Logo
Home
မြန်မာသတင်း
ကလေးနှင့် အရာတော်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရဲစခန်း တိုက်ခိုက်ခံရ
DVB
·
February 28, 2023
ကလေးနှင့် အရာတော်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရဲစခန်း တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ နယ်လှည့်စာရင်းစစ်ရုံးမှာ တပ်စွဲအထိုင်ချနေတဲ့ စစ်ကောင်စီတပ်သား‌တွေကို ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်းမှာ ကလေးမြို့ မြို့ပြ‌ပြောက်ကျားအဖွဲ့ Special Underground အဖွဲ့က ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိနိုင်ပေမဲ့ အတည်ပြုလို့မရခဲ့ကြောင်း၊ မိမိတို့ဘက်က ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့ ကလေး UG အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“သူတို့တပ်စွဲနေတဲ့ စာရင်းစစ်ရုံးကို လက်နက်ကြီး ၆၀ မမနဲ့ တိုက်ခိုက်ခဲ့တာ။ သူတို့ဘက်က ကျနော်တို့ဘက်ကို လက်နက်ငယ်တွေနဲ့ ရမ်းပစ်ခဲ့ပေမဲ့ ကျနော်တို့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။”

ဖေဖော်ဝါရီ ၈ ရက် ညကလည်း ခရိုင်ဆည်မြောင်းရုံးအတွင်းမှာ ညကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သား အင်အား ၁၅ ယောက်ခန့်ကို ကလေး UG အဖွဲ့က လက်နက်ကြီး ၄၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

လတ်တ‌လော အဆိုပါ တောင်ဇလပ်ရပ်ကွက် အစိုးရရုံး အခြေစိုက်ရာ ရုံးအနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီဘက်က ခြေရှုပ်နေတာမို့ အနီးပတ်ဝန်းကျင်က ဒေသခံတွေ အထူးဂရုစိုက် သွားလာနေထိုင်ကြဖို့ ကလေးမြို့ပြ UG ဘက်က သတိပေးထားပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းကို မဟာမိတ် PDF ပူးပေါင်းအဖွဲ့တွေက ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) အဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။

မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) အဖွဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးက  “နောင်ကြီးအိုင်ရဲစခန်းကို ၂၅ ရက်နေ့ ညနေ ၅ နာရီလောက်မှာ လက်နက်တွေနဲ့ပစ်ပြီး ထိုးစစ်ဆင်ခဲ့ပါတယ်။ ရဲစခန်းထဲမှာရှိတဲ့ ကားတွေ ထိမှန်ပျက်စီးပြီး စခန်းဝင်းထဲက အိမ် ၁ လုံး မီးလောင်သွားတယ်။ လူတွေ ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ ကျနော်တို့ လုံခြုံရေးအရ မစုံစမ်းနိုင်ခဲ့ပါဘူး။ စခန်းထဲကနေ စခတွေ ရမ်းသန်းပစ်ခတ်တာကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ကြားသိရတဲ့အတွက် များစွာ စိတ်မကောင်း ဖြစ်ရပါတယ်” လို့ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၃၊ တပ်ခွဲ-၃ ဂဠုန်နက် PDF၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၂၊ တပ်ခွဲ-၄ Fight For People-F.F.P PDF၊ ကျားသစ်နက် (LPDF)၊ ယက္ခညီနောင် (LPDF)၊ မုံရွာခရိုင် တပ်ရင်း-၁၈ နဲ့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Chindwin Attack Force က ထုတ်ပြန် ပြောဆိုထားပါတယ်။

အခုပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ထိခိုက်ကျဆုံးတဲ့ အခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013