DVB Logo
Home
မြန်မာသတင်း
မသန်စွမ်း ဝန်ထမ်းခန့်မည်ဟု ပြောဆိုမှု လက်တွေ့မဖြစ်နိုင်ဟု ဝေဖန်
မောရစ်
·
July 9, 2026
Photo: DVB
Photo: DVB
Donate to DVB

ဘွဲ့ရ မသန်စွမ်းလူငယ်တွေအနေနဲ့ သတ်မှတ်အရည်အချင်း ပြည့်မီရင် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရမယ်လို့ စစ်အာဏာရှင်အစိုးရရဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက ပြောဆိုလိုက်ပါတယ်။

ဒီပြောဆိုချက်တွေဟာ လက်တွေ့ဖြစ်နိုင်ပါ့မလားဆိုတာ မသန်စွမ်းအခွင့်အရေး လှုပ်ရှားသူတွေကြား မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ဇူလိုင် ၆ ရက်က ကျင်းပတဲ့ စစ်အာဏာရှင်ဩဇာခံ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက “မသန်စွမ်း ဘွဲ့ဒီဂရီရ လူငယ်များအနေဖြင့် လစ်လပ်ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း၊ ရေးဖြေစာမေးပွဲ အောင်မြင်ပါက စိတ်အခြေအနေစစ်ဆေးခြင်း၊ လူတွေ့စစ်ဆေးခြင်း စတဲ့ အခွင့်အရေးများအား တခြားလူငယ်များနဲ့တန်းတူ ရရှိကြပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

မသန်စွမ်းတွေကို တခြားသူတွေနည်းတူ ရေးဖြေ၊ လူတွေ့နဲ့ စိတ်အခြေအနေ စစ်ဆေးမှုတွေကို တန်းတူယှဉ်ပြိုင်ခွင့်ပြုမှာ ဖြစ်သလို လာမဲ့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်ကစပြီး အရာရှိအဆင့် ရာထူးခေါ်ယူမှုတွေကိုလည်း တနှစ်ကို ၃ ကြိမ်အထိ တိုးမြှင့်သွားမယ်လို့ သူကဆိုပါတယ်။

ဒါပေမဲ့ မြေပြင်က မသန်စွမ်းအခွင့်အရေး လှုပ်ရှားသူတွေကတော့ ခေတ်အဆက်ဆက် ဖိနှိပ်ခံထားရတဲ့ မသန်စွမ်းသူတွေအတွက် စစ်အာဏာရှင်အစိုးရရဲ့ အခုလို ဥပဒေထုတ်၊ လွှတ်တော်တင် ဆွေးနွေးပြနေတာတွေအပေါ် လက်တွေ့မှာ လုံးဝ ယုံကြည်မှုမရှိဘူးလို့ တုံ့ပြန်ကြပါတယ်။

မသန်စွမ်းအခွင့်အရေး လှုပ်ရှားနေသူတယောက်က “ကျနော်တို့ကတော့ လက်တွေ့မှာ ယုံကြည်မှုတော့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ တချို့ဟာတွေက ပြောစရာမလိုဘဲနဲ့ လုပ်လို့ရတဲ့အရာတွေ ရှိတယ်ပေါ့နော်။ ဥပမာ ကျောင်းဆရာ၊ ကျောင်းဆရာဆိုရင် မသန်စွမ်းဖြစ်တဲ့ ခြေပြတ်၊ လက်ပြတ်တွေပေါ့ သဘောက အဲဒါမျိုးတွေကို မခန့်စရာအကြောင်း တခုမှမရှိဘူး၊ ခန့်လို့ရတယ်။ ဒါတွေကို သီးသန့်ဥပဒေထုတ်ပြီးတော့ လွှတ်တော်မှာ ဆွေးနွေးပြီးတော့ ခန့်နေစရာ အလုပ်ကိစ္စ မဟုတ်ဘူးပေါ့နော်။ အဲဒီတော့ ကျနော်တို့ကတော့ ရိုးရိုးရှင်းရှင်းပဲ ပြောရရင် ဒါ ဝါဒဖြန့်တာတခုပဲ ဖြစ်တယ်။ နိုင်ငံတကာကို ငါတို့တွေကတော့ မသန်စွမ်းတွေအတွက် နေရာပေးတဲ့ ဥပဒေတွေ ထုတ်နေပြီ၊ ငါတို့က အရပ်သားအစိုးရ လုပ်နေတယ် ဆိုတဲ့ ပုံစံမျိုး ပြချင်တာပဲ ဖြစ်တယ်လို့ ကျနော် ယုံကြည်ပါတယ်ဗျ” လို့ ပြောပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မသန်စွမ်းသူတွေရဲ့ လုပ်သားအင်အားမှာ ပါဝင်မှုနှုန်းဟာ သန်စွမ်းသူတွေနဲ့ယှဉ်ရင် အလွန်နည်းပါးတာကို တွေ့ရပါတယ်။

အချက်အလက်တွေအရ လမ်းလျှောက်နိုင်စွမ်း ချို့ယွင်းချက်ရှိသူတွေရဲ့ ၂၃ ရာခိုင်နှုန်း (၂၃,၇၀၈ ယောက်) သာ လုပ်ငန်းခွင်တွေမှာ ဝင်ရောက်လုပ်ကိုင်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အရင်ကတည်းက အစိုးရဌာနတွေရဲ့ ဝန်ထမ်းခေါ်ယူမှုတွေမှာ ကိုယ်လက်အင်္ဂါ ပြည့်စုံရမယ် ဆိုတဲ့ ကန့်သတ်ချက်တွေနဲ့ မွေးရာပါ မသန်စွမ်းတွေကို အစကတည်းက ပိတ်ဆို့ထားခဲ့တာဖြစ်ပြီး လက်ရှိ စီးပွားရေးကျပ်တည်းမှုနဲ့ သွားလာရေး အဆောက်အအုံတွေ ပျက်စီးနေတဲ့ အခြေအနေမှာ မသန်စွမ်းတွေဟာ ကိုယ်ထူကိုယ်ထ အိမ်တွင်းအောင်း အလုပ်တွေနဲ့သာ ရုန်းကန်နေရတာလို့ ဆိုပါတယ်။

လက်ရှိ ပြည်တွင်းမှာ အလုပ်ရှာနေတဲ့ မသန်စွမ်းတယောက်က “မသန်စွမ်းတွေကိုလည်း တခြားသူတွေလိုမျိုး တန်းတူ အလုပ်ခန့်မယ် ဆိုတာတော့ ကောင်းပါတယ်။ သို့ပေမဲ့ လက်ရှိခေတ် အခြေအနေအရ မသန်စွမ်းသူတွေက သာမန်သူတွေလို မဟုတ်တဲ့အတွက် သွားလာရေး နေထိုင်ရေးတွေမှာ အဆင်မပြေ စိတ်လုံခြုံမှု မရှိနိုင်ပါဘူး။ လက်ရှိ စီးပွားရေး အကျပ်အတည်းတွေကြားမှာ ကျနော်တို့လို မသန်စွမ်းလူငယ်တွေက အလုပ်အကိုင်ရရှိဖို့ အင်မတန်မှ အခွင့်အလမ်း နည်းပါးပါတယ်” လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်း အချက်အလက်တွေအရတော့ မသန်စွမ်းသူဦးရေ ၆ သန်းဝန်းကျင် ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အာဏာသိမ်းစစ်တပ်က နောက်ဆုံးကောက်တဲ့ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းမှာတော့ ၂ ဒသမ ၃ သန်းဝန်းကျင်သာ ရှိတယ်လို့ ဆိုထားပါတယ်။

အာဏာသိမ်းစစ်တပ်က အရပ်ဘက်ယန္တရား ပြိုလဲနေတာတွေကို အစားထိုးဖို့ ဝန်ထမ်းခေါ်ယူတာတွေ ခပ်စိပ်စိပ် လုပ်ဆောင်လာနေပေမဲ့ မသန်စွမ်းသူတွေအပေါ် ခွဲခြားဆက်ဆံတဲ့ မူဝါဒဟောင်းတွေ မပြောင်းလဲသရွေ့ မသန်စွမ်းလူငယ်တွေအတွက် တန်းတူအခွင့်အရေးဟာ စက္ကူပေါ်က ကတိကဝတ်သာ ဖြစ်နေဦးမှာလို့ မသန်စွမ်းအသိုင်းအဝိုင်းက ထောက်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013