
အမေရိကန်ပြည်ထောင်စုရောက် မြန်မာ၊ ဆိုမာလီယာနဲ့ ဆီးရီးယားနိုင်ငံသားတွေကို ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ပြုထားတဲ့ TPS အစီအစဉ်ကို ရပ်စဲဖို့ အစိုးရရဲ့ ကြိုးပမ်းမှုကို ဖက်ဒရယ် တရားရုံးက ယာယီတားမြစ်လိုက်တယ်လို့ သိရပါတယ်။
အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) က မြန်မာနိုင်ငံအတွက် TPS ကို အခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်မှာ အပြီးသတ်ရပ်စဲဖို့ ကြေညာထားခဲ့တာပါ။
လတ်တလောမှာတော့ အဆိုပါရပ်စဲမှု မစတင်မီ ၃ ရက်အလို ဇန်နဝါရီ ၂၃ ရက်မှာ တရားရုံးရဲ့ ကြားဖြတ်အမိန့်နဲ့ ရွှေ့ဆိုင်းဖို့ အမိန့်ချမှတ်ခဲ့တာကြောင့် မြန်မာနိုင်ငံသား ၄,၀၀၀ လောက် အကာအကွယ် ဆက်လက်ရရှိနေမှာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအခြေအနေမှာ အမေရိကန်အစိုးရဘက်က အဆိုပါတရားရုံးအမိန့်ကို ပြန်လည် အယူခံ ဝင်ထားပေမဲ့ မြန်မာနိုင်ငံသားတွေအတွက် TPS မှာ ရပ်မသွားသေးဘဲ တရားရုံးက အမှု အဆုံးအဖြတ် မပေးမချင်း သက်တမ်းရှိနေဦးမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီအကာအကွယ်ပေးမှုက ယာယီသာဖြစ်ပြီး တရားရုံးချုပ်၊ ဒါမှမဟုတ် အယူခံတရားရုံးက အစိုးရဘက်ကို အနိုင်ပေးလိုက်ပါက ချက်ချင်းရပ်စဲသွားနိုင်တဲ့ အန္တရာယ်ရှိနေဆဲလို့ ဆိုပါတယ်။
တရားရုံးအမိန့်တွေအရ ဆိုမာလီယာ၊ မြန်မာနဲ့ ဆီးရီးယားနိုင်ငံတွေက TPS အကျိုးခံစားခွင့် ရှိသူတွေအတွက် အကာအကွယ်ပေးမှုနဲ့ အလုပ်လုပ်ကိုင်ခွင့်တွေကို လက်ရှိမှာ ဆက်လက် ထိန်းသိမ်းထားပေမဲ့ အဆိုပါ ရပ်ဆိုင်းထားမှုမှာ ယာယီသာဖြစ်ပြီး အယူခံဝင်နိုင်တဲ့ အခြေအနေမှာ ရှိနေကာ ဆီးရီးယားနိုင်ငံအတွက်ကတော့ လက်ရှိ အမေရိကန်တရားရုံးချုပ်အထိ ရောက်ရှိနေပြီလို့ သိရပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံတကာကနေ TPS နဲ့ရောက်ရှိနေထိုင်သူ ၁ သန်း ဝန်းကျင်ရှိနေပြီး မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါး ပါဝင်ပါတယ်။
Asian- American Legal Defence and Education Fund (AALDEF) ၊ International Refugee Assistance Project (IRAP) နဲ့ Asian American and Pacific Islanders အဖွဲ့တွေက TPS နဲ့နေထိုင်သူ မြန်မာတွေကိုယ်စား ထရမ့်ပ်အစိုးရကို တရားပြန်ဆိုင်နေ ကြတာပါ။
TPS နဲ့ နေထိုင်သူ မြန်မာအများစုဟာ နိုင်ငံရေးခိုလှုံခွင့် Asylum ခံထားပြီးဖြစ်ပေမဲ့ နိုင်ငံရေးခိုလှုံခွင့် Asylum မခံရသေးသူတွေလည်း ကျန်နေပါတယ်။








