DVB Logo
Home
မြန်မာသတင်း
ဘုတလင်နှင့် မုံရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
DVB
·
February 24, 2023
ဘုတလင်နှင့် မုံရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အစောင့် စစ်ကောင်စီတပ်သားတွေကို ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဘဏ်အနီးအနားမှ ဒေသခံပြည်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ ဘုတလင်မြန်မာ့စီးပွားရေးဘဏ်ဟာ ဘုတလင်မြို့၊ ခုံမင်းကြီးရပ်ကွပ်အတွင်းမှာ ရှိတယ်လို့လည်း ဆိုပါတယ်။

ရပ်ကွက်နေပြည်သူတဦးက “ခြေလျင် ရုတ်တရက်ဝင်ပစ်တာ။ လက်နက်သံတွေကတော့ ဆူညံသွားတယ်။ အဲလိုအပစ်ခံရပြီး စစ်သား ၅ ဦးကတော့ မြေပြင်မှာ လဲကျနေတာ မြင်ရတယ်။ အဲဒါပြီးတော့ ရဲစခန်းထဲကနေ ကားတွေနဲ့ ဘုတလင်-ကနဲလမ်းဘက် အသကုန်မောင်းသွားတာ မြင်လိုက်ရတယ်” လို့ ပြောပါတယ်။

အခုလိုပစ်ခတ်ခံရပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ထွက်ပြေးသွားတဲ့နောက်ကို လိုက်ပြီး ပစ်ခတ်တဲ့ စစ်ကောင်စီတပ်ဟာ PDF အဖွဲ့ကို မတွေ့တာကြောင့် ဘုတလင်-ကနဲသွား လမ်းဘေးရှိ လွဲတဲရွာက မဝင်းငွေအိမ်နဲ့ ကိုတက်ပုအိမ်ကို မီးရှို့ခဲ့တာကြောင့် ပြည်သူ့နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့လည်း လွဲတဲရွာဒေသခံတွေက ပြောပါတယ်။

“ပစ်ခတ်ခဲ့တာ ဟုတ်တယ်ဗျ။ ဘဏ်အနီးက ၃ ကောင်ကတော့ နေရာတင်သေတယ်။ နောက် မီးသတ်ရုံးနားက ၂ ကောင်ကတော့ ပြင်းထန်ဒဏ်ရာ ရသွားတယ်။ ကျနော်တို့ဘက်က ရဲဘော်တဦး ကျည်ရှပ်ထိမှန်တာရှိတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး” လို့ ဘုတလင် PDF ခေါင်းဆောင်တဦးက ပြောပါတယ်။

အဲဒီပစ်ခတ်မှုကို Chindwin Attack Force အဖွဲ့၊ ဘုတလင်တပ်ရင်းများ၊‌ ‌ေဒသခံ LPDF များ ပူး‌ေပါင်းဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့လည်း PDF ခေါင်းဆောင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ညောင်ကိုင်းရပ်ကွက်ရှိ မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန (လဝက) ရုံးကို ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၁ နာရီလောက်မှာ မုံရွာခရိုင် PDF မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဒရုန်း၊ RPG-7 နဲ့ ပစ်ချတိုက်ခိုက်ရာ စစ်သား ၄ ယောက် ပွဲချင်းပြီးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရသွားတယ်လို့ မုံရွာခရိုင်တပ်ရင်း-၇ Lightning People Defence Force အဖွဲ့က ထုတ်ပြန်ပါတယ်။

“အမျိုးသမီးတွေနဲ့ ပြည်သူလူထုကို အကြမ်းဖက်အနိုင်ကျင့်နေတဲ့ မုံရွာမြို့နယ် လ.ဝ.ကရုံးမှာ ရှိတဲ့ မုဒိမ်းကောင်တွေကို ကျနော်တို့ မုံရွာခရိုင် တပ်ရင်း-၇ - Lightning People Defence Force ရဲဘော်‌တွေနဲ့ မဟာမိတ်ညီနောင်ရဲဘော်တွေ ပူးပေါင်းပြီး ဒရုန်းနဲ့ RPG-7 တချက်သွားပစ်ခဲ့တာ မုဒိမ်းစစ်သား ၄ ယောက် နေရာမှာပဲ ပွဲချင်းပြီးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရသွားကြတယ်ဗျ။ ဆန့်ငင်ဆန့်ငင်ဖြစ်နေတဲ့ စခတွေက လက်နက်ငယ်နဲ့ ၃ ချက်လောက် ပြန်ပစ်ခဲ့ကြ‌ပေမဲ့ ကျနော်တို့ ညီနောင်ရဲဘော်တွေ ခလုတ်မထိဆူးမငြိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြပါတယ်ခင်ဗျ။ ကျနော်တို့ မုံရွာခရိုင်တပ်ရင်း-၇ အနေနဲ့ ပြည်သူကို အနိုင်ကျင့်နေတဲ့ စစ်ကောင်စီ လက်ပါးစေမှန်သမျှကို ရှိသမျှအားအင်နဲ့ ဆက်လက် တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူလူထုအနေနဲ့ တတ်နိုင်သမျှ ကူညီပေးကြပါလို့ ပြောချင်ပါတယ်ဗျ” လို့ မုံရွာခရိုင် တပ်ရင်း-၇ - Lightning People Defence Force အဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

ဒီနေ့မစ်ရှင်ကို မုံရွာခရိုင်တပ်ရင်း-၇ - Lightning People Defence Force၊ မော်လိုက်ခရိုင်တပ်ရင်း-၂၊ Monywa The Boys နဲ့ PDF- South Monywa အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ မုံရွာခရိုင် တပ်ရင်း-၇ - Lightning People Defence Force က ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013