
ဆီးရီးယားမြို့တော် ဒမတ်စကပ်စ် မြို့လယ်ကောင်မှာရှိတဲ့ လူစည်ကားတဲ့ ကဖေးဆိုင်တဆိုင်မှာ ဇူလိုင် ၂ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅ ယောက် သေဆုံး၊ ၁၆ ယောက် ဒဏ်ရာ ရသွားတယ်လို့ ဆီးရီးယားနိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ပါတယ်။
အခင်းဖြစ်ပွားရာနေရာကို ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဆီးရီးယား လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိ နေကြပါတယ်။
ဒီဗုံးပေါက်ကွဲမှုဟာ မြို့တော်အလယ်ဗဟို တရားမျှတမှုနန်းတော် (Palace of Justice) နားက ကဖေးဆိုင်မှာ ဗုံးထောင်ဖောက်ခွဲခဲ့တာလို့ ဆီးရီးယား နိုင်ငံပိုင်ရုပ်သံက ပြောပါတယ်။
အခုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တခြားအသေးစိတ် အချက်အလက်တွေကို ချက်ချင်း မသိရသေး သလို ဘယ်အဖွဲ့ကမှလည်း သူတို့လက်ချက်ပါလို့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
သေဆုံးနဲ့ ဒဏ်ရာရသူဦးရေ စာရင်းကိုတော့ ဆီးရီးယားအရေးပေါ်ကျန်းမာရေးဌာန အကြီးအကဲရဲ့ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင်သတင်းဌာန SANA က သတင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် နှောင်းပိုင်းမှာ သမ္မတ ဘာရှား အယ်လ် အာဆတ် ရာထူးကနေ ပြုတ်ကျသွားပြီး နောက်ပိုင်း ဒမတ်စ်ကပ်စ်မြို့မှာ အခုလို တိုက်ခိုက်မှုမျိုး အနည်းငယ်ပဲ ဖြစ်ပွားခဲ့ဖူးပါတယ်။
အခု ဆီးရီးယားသမ္မတ ဖြစ်လာတဲ့ အာမက်ဒ် အယ်လ်ရှာရာနဲ့ သူ့ရဲ့သူပုန်တပ်ဖွဲ့တွေဟာ အာဆတ်ကို ဖယ်ရှားပြီး ၁၄ နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေ ၁၉ ရက်ကလည်း ဒမတ်စ်ကပ်စ်မြို့က ကာကွယ်ရေးဝန်ကြီးဌာနရုံး အပြင်ဘက်မှာ ကားဗုံး ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့လို့ ဆီးရီးယားစစ်သားတယောက် သေဆုံးပြီး အနည်းဆုံး ၁၈ ယောက် ဒဏ်ရာရခဲ့ဖူးပါတယ်။
Source: Reuters










