DVB Logo
Home
မြန်မာသတင်း
မြင်းခြံနှင့် ပုသိမ်ကြီးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရ၊ ပျူစောထီး ၂ ဦး သေဆုံး
DVB
·
February 22, 2023
မြင်းခြံနှင့် ပုသိမ်ကြီးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရ၊ ပျူစောထီး ၂ ဦး သေဆုံး
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်တို့မှာ ဖေဖော်ဝါရီ ၂၁ ရက် မနေ့က ပျူစောထီးခေါင်းဆောင်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်ခံရပြီး ပျူစောထီး နှစ်ယောက် သေဆုံးသွားတယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာက ပျူစောထီးခေါင်းဆောင် ဝင်းစိုးဟာ ကျေးရွာလူထုအပေါ်ဖိနှိပ်တာ၊ လက်နက်ပြခြိမ်းခြောက်တာတွေ လုပ်တယ်လို့ ကြားသိရလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပျူစောထီးခေါင်းဆောင် ဝင်းစိုးရဲ့ယာခင်းအထိ ဝင်ရောက်ပစ်ခတ်ခဲ့ပြီးတော့ နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ Natogyi Regional Defense Force-NRDF အဖွဲ့က ထုတ်ပြန်ပါတယ်။

NRDF တပ်ဖွဲ့ပြန်ကြားရေးတာဝန်ရှိသူက "စစ်ကောင်စီတပ်က ရွာပတ်ဝန်းကျင်ကို စစ်ကြောင်းထိုးတဲ့အခါလည်း ပျူစောထီးခေါင်းဆောင်က လမ်းပြခေါင်းဆောင်ပြီး ဦးဆောင်သွားနေကြဖြစ်သလို သူ့အိမ်မှာလည်း စစ်သားနှစ်ယောက် အမြဲအစောင့်ရှိပြီး ဒီနေ့သူ့ယာခင်းကို သွားတဲ့အချိန်မှာ ရှင်းလင်းပစ်ခတ်ခဲ့တာ”လို့  ပြောပါတယ်။

ပစ်ခတ်မှုအပြီးမှာ သေဆုံးသူပျူစောထီးခေါင်းဆောင်ဆီက လက်ပစ်ဗုံး ၁ လုံး၊ လက်ကိုင်ဖုန်း ၁လုံး၊ သူ့ရဲ့မှတ်ပုံတင်ကတ်ပြား ဓားမြှောင် ၁ ချောင်းနဲ့ ဂျင်ကလိဆက်စပ်ပစ္စည်းတွေ သိမ်း ဆည်းရမိခဲ့ပါတယ်။

ပျူစောထီးခေါင်းဆောင်ရဲ့ သားဖြစ်သူဟာ စစ်ကောင်စီတပ်မှာ ဗိုလ်ကြီးအဆင့်ရှိသူဖြစ်ပြီး သားဖြစ်သူ အရှိန်အဝါနဲ့ ထင်တိုင်းကြဲပြီး "pdfတွေကိုအသေပစ်သတ်မယ်" “ခေတ်ပြောင်းချင်ရင်ခေါင်းကိုပစ်" စတာတွေကို မကြာခဏဆိုသလို ကြွေးကြော်လေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကြီးကျေးရွာမှာတော့ အုပ်ချုပ်ရေးမှူးရုံးကို မနေ့ မနက်ပိုင်းမှာ ဒေသခံ ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးတဦး သေဆုံးခဲ့တယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစုရဲ့ တာဝန်ရှိသူ ကိုကောင်းကင်က ပြောပါတယ်။

"ကျနော်တို့မရောက်လာခင် ၁၀ မိနစ်လောက်မှာ စစ်သားတွေက ကားနဲ့ထွက်သွားတာ၊ ရုံးမှာက ပျူစောထီးနဲ့ စစ်သားနည်းနည်းပဲကျန်တယ်။ တိုက်ခိုက်တာတော့ ၁၅ မိနစ်ကျော်လောက်ကြာတယ်၊ ပျူစောထီးတယောက်သေပါတယ်။"

ဆင်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ၄၀ မမ ဗုံးသီးအပါအဝင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပျူစောထီးအဖွဲ့ဝင် သိန်းရွှေ သေဆုံးပြီး မောင်ပြား၊ ကျော်ရဲထွန်း၊ ခင်ဝေတို့ ပြင်းထန်ဒဏ်ရာရရှိကာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရှိရတယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ က ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဆင်ရွာကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဆန် ၁၇ တောင့်၊ ကျည်ဘောက် ၃ ခု သိမ်းဆည်းရရှိခဲ့တယ်လို့ သိရ​ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကောင်းကင် တော်လှန်ရေး အင်အားစုတပ်ဖွဲ့၊ ပြင်ဦးလွင် ခရိုင် ပ. က. ဖ၊ နတ်ဆိုး မြေအောက်တော်လှန်ရေးတပ်ဖွဲ့နဲ့ ဒေါင်းစစ်သည်တပ်ဖွဲ့တို့ စုပေါင်း တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ဓာတ်ပုံ-NRDF

B3-56

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013