DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ အထိအခိုက် အကျအဆုံးနည်းအောင် နတ်ပွဲပေး၊ တနင်္သာရီတွင် စစ်ကောင်စီ ဗိုလ်မှူး ၁ ဦးသေဆုံး
DVB
·
February 22, 2023
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ အထိအခိုက် အကျအဆုံးနည်းအောင် နတ်ပွဲပေး၊ တနင်္သာရီတွင် စစ်ကောင်စီ ဗိုလ်မှူး ၁ ဦးသေဆုံး
Donate to DVB

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ရဲ့ အထင်ကရနေရာဖြစ်တဲ့ ရှင်မအောင်သာကျောက်တိုင်မှာ စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲမှာ အထိအခိုက် အကျအဆုံးနည်းအောင် နတ်ပွဲပေးပြီး စစ်ကြောင်းချီခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေက ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ရှင်မအောင်သာကျောက်တိုင်မှာ နတ်ပွဲပေးပြီး ဘန်လောနဲ့ ခမရ ၅၆၁ တပ်ရင်းကို လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့ဖို့အတွက် စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ကောင်စီက ခမရ ၅၆၁ တပ်ရင်းမှာ အင်အားနည်းနေလို့ ရှင်မအောင်သာကျောက်တိုင်မှာ နတ်ပွဲပေးပြီး အင်အားသွားဖြည့်တာ။ စစ်ကောင်စီက ဘန်လောမှာ ကျနော်တို့စောင့်နေတာ သတင်းရသွားပြီး ဗောဓိကမ်းကနေ လက်နက်ကြီးနဲ့ ရမ်းထုခဲ့တာပါ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တဦးက ပြောပါတယ်။

“စခတွေမှာတော့ သိတဲ့အတိုင်းပဲ၊ ဒါမျိုးကတော့ ယုံကြည်မှု တအားရှိတယ်လေ။ ပွဲပေးတာတို့ ဘာတို့ဆိုတာ သူတို့လုပ်နေကြပဲ။ ဒါပေမဲ့ သေမယ့်လူကတော့ သေမှာပဲ” လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် မနက် ၅ နာရီမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တုံးဗျောကြီးအနီး စစ်ကောင်စီရဲ့ ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပါတယ်။

ဖေ‌ဖော်ဝါရီ ၁၈ ရက်က တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာရှိ ၅၆၁ တပ်ရင်းကနေ ရိက္ခာပို့ပြီး ပြန်ထွက်လာတဲ့ စစ်ကား ၆ စီးပါ ယာဉ်တန်းကို ‌ေဒသခံ ပြည်သူ့ကာကွယ်ရေးတပ် ပကဖ၊ မြိတ်ခရိုင်တပ်ရင်း-၂ နဲ့ တပ်ခွဲ-၁ တို့က လမ်းကနေ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း-၂၊ တပ်ခွဲ-၁ က ထုတ်ပြန်ပါတယ်။

ညနေ ၃ နာရီခွဲလောက်က ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို‌ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်ရှိ အရာရှိတယောက် သေဆုံးကာ တပ်သား ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “သူတို့ ၅၆၁ တပ်ရင်းကို ရိက္ခာလာပို့ပြီး ပြန်ထွက်လာတဲ့အချိန် လမ်းမှာစောင့်ပြီး တိုက်ခိုက်တာပါ။ သူတို့ဘက်က တပ်သားနှစ်ယောက် ဒဏ်ရာရတယ်။ ဗိုလ်မှူးအဆင့်လောက်ရှိတဲ့သူကတော့ သေသွားတယ်၊ ကားတစီးတော့ မီးလောင်တဲ့အထိ ဖြစ်သွားတယ်” လို့ ပြောပါတယ်။

တိုက်ပွဲက ညနေ ၃ နာရီခွဲလောက်စပြီးတော့ လမ်းမတလျှောက် ခြောက်မိုင်ကျေးရွာ၊ ငါးမိုင်ကျေးရွာ၊ ဘန်လောကျေးရွာတို့အထိ တောက်လျှောက်ပစ်ခတ်မှုဖြစ်ခဲ့ကာ ညနေ ၄   နာရီခွဲလောက်မှာ တိုက်ပွဲရပ်နားသွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်ကလည်း တုံး‌ဗျောကြီးကျေးရွာမှာ စစ်ကောင်စီကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးခဲ့သလို လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးဘက်ကလည်း ရဲဘော်တယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် တိုက်ပွဲတွေ ပိုဖြစ်လာတဲ့အတွက် ပြည်သူတွေ အထူးသတိပြု သွားလာကြဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013