DVB Logo
Home
နိုင်ငံတကာ
အောက်ချင်းငှက်ထိန်းသိမ်းရေးစီမံကိန်းဖြင့် ထိုင်းကျောင်းသူလေး နိုင်ငံတကာဆု ၂ ဆု ဆွတ်ခူး
DVB
·
May 26, 2026
Photo: Khaosod
Photo: Khaosod
Donate to DVB

စွန့်ပစ်ပစ္စည်း ပလတ်စတစ်တွေနဲ့ ပြုလုပ်ထားတဲ့ အတုလုပ်အသိုက်တွေကတဆင့် အောက်ချင်းငှက်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်တဲ့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး စီမံကိန်းတခုနဲ့ ထိုင်းကျောင်းသူလေးတယောက် ဒေသဆိုင်ရာ မြေကမ္ဘာဆု ၂ ဆု ကနဦး ဆွတ်ခူးရရှိခဲ့တဲ့အကြောင်း Khaosod English သတင်းမှာ မေ ၂၄ ရက်က ဖော်ပြပါတယ်။

အသက် ၁၇ နှစ်အရွယ် ယာနင် ဖရောက်ဒ် ထန်ခါလာဝါကွန်းဟာ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် The Earth Foundation က ချီးမြှင့်တဲ့ The Earth Prize 2026 နဲ့ အမေရိကန်အခြေစိုက် National Geographic ရဲ့ Slingshot Challenge ပြိုင်ပွဲတို့ကနေ နိုင်ငံတကာ အသိအမှတ်ပြုချီးမြှင့်မှုကို ရရှိခဲ့တာပါ။

ထိုင်းနိုင်ငံအတွင်း လျော့နည်းလာနေတဲ့ အောက်ချင်းငှက်အရေအတွက် ပြဿနာကို ဖြေရှင်းဖို့တွက် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး၊ ပြန်လည်အသုံးပြုပစ္စည်းတွေနဲ့ လူထုပူးပေါင်းပါဝင်မှုတို့ကို ပေါင်းစပ်ထားတဲ့ Homes for Hornbills - အောက်ချင်း ငှက်တို့ရဲ့အိမ်စီမံကိန်းအတွက် The Earth Prize 2026 ပြိုင်ပွဲရဲ့ သမုဒ္ဒရာနဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ဆုအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။

ဒီပြိုင်ပွဲရဲ့ ဒေသဆိုင်ရာ ဆုရရှိသူ ၇ ယောက်ထဲက တယောက်ဖြစ်တဲ့ ဖရောက်ဒ်ဟာ စီမံကိန်းကို ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်ဖို့အတွက် ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၁၂,၅၀၀ နဲ့အတူ ကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်မှုတွေ ရရှိမှာဖြစ်သလို တကမ္ဘာလုံးဆိုင်ရာ ဆုရရှိသူကို ရွေးချယ်မဲ အများပြည်သူမဲပေးမှုကိုတော့ မေ ၁၈ ရက်မှာ စတင်ကာ အပြီးသတ်ဆုရရှိသူကို မေ ၂၉ ရက်နေ့ ကြေညာမှာ ဖြစ်ပါတယ်။  

ဒါ့အပြင် အဆိုပါစီမံကိန်းဟာ National Geographic Society နဲ့ ပရဟိတဖောင်ဒေးရှင်းတခုဖြစ်တဲ့ Allen Family Philanthropies တို့က ပူးတွဲပံ့ပိုးထားတဲ့ ကမ္ဘာ လုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပြိုင်ပွဲဖြစ်တဲ့ ၂၀၂၆ Slingshot Challenge မှာလည်း ထိပ်တန်းဂုဏ်ထူးဆောင်ဆုရရှိသူအဖြစ် အသိအမှတ်ပြု ခံခဲ့ရပါတယ်။ 

အဆိုပါဆုအတွက်တော့ ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၁၀,၀၀၀ ရရှိမဲ့အပြင် အများပြည်သူ မဲပေးရွေးချယ်ရမဲ့ People's Choice Award နဲ့ National Geographic ရဲ့ စာရင်းဝင် စူးစမ်းလေ့လာရေးသမားတွေရဲ့ လုပ်ငန်းစဉ်တွေနဲ့ နီးနီးကပ်ကပ် ကိုက်ညီတဲ့ စီမံကိန်းတွေကို ပေးအပ်တဲ့ Explorer Connection Award ဆုတွေကိုပါ ဆက်လက်ဆွတ်ခူးနိုင်မဲ့ အခွင့်အရေး ရရှိထားပါတယ်။  

အောက်ချင်းငှက်တွေဟာ ကျယ်ပြန့်တဲ့ ဧရိယာတွေဆီကို သစ်စေ့တွေကို ပျံ့နှံ့စေပြီး တောတောင်တွေ သဘာဝအတိုင်း ပြန်လည်ရှင်သန် စိမ်းလန်းလာအောင် ကူညီပေးနိုင်တာကြောင့် သစ်တောဂေဟစနစ်အတွက် အလွန်အရေးပါတဲ့ ငှက်အမျိုးအစားအဖြစ် သတ်မှတ်ခံထားရပါတယ်။ 

ဒါပေမဲ့ ပြိုင်ပွဲကျင်းပရေးအဖွဲ့ရဲ့ အဆိုအရ ကမ္ဘာပေါ်မှာရှိတဲ့ အောက်ချင်းငှက် မျိုးစိတ် ၆၂ မျိုးထဲက ၅၁ မျိုးဟာ သစ်တောပြုန်းတီးမှု၊ နေထိုင်ရာနယ်မြေ ပျက်စီးမှုနဲ့ တရားမဝင်အမဲလိုက်မှုတွေကြောင့် အရေအတွက် လျော့နည်းလာနေတယ်လို့ ဆိုပါတယ်။

ထိုင်းကျောင်းသူလေး ဖရောက်ဒ်အနေနဲ့ အောက်ချင်းငှက်တွေအပေါ် စိတ်ဝင်စားမှုဟာ မူလတန်းကျောင်းသူဘဝတုန်းက ခေါင်ရိုင်အမျိုးသားဥယျာဉ်ကို ကျောင်းကနေ လေ့လာရေးခရီးသွားခဲ့ရာကနေ စတင်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက ဒီငှက်တွေကို သဘောကျခဲ့သလို နောက်ပိုင်းမှာ သူတို့ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေအကြောင်းကိုပါ သိရှိခဲ့ရတယ်လို့ ပြောပါတယ်။  

အဲဒီနောက် သူဟာ ထိုင်းနိုင်ငံ အောက်ချင်းငှက်သုတေသနဖောင်ဒေးရှင်းနဲ့ ပူးပေါင်းပြီး အပိုင်း ၃ ပိုင်း ပါဝင်တဲ့ ထိန်းသိမ်းရေးပုံစံတခုကို ဖော်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒါတွေကတော့ အောက်ချင်းငှက်တွေရဲ့ သဘာဝအလေ့အထအပေါ် အခြေခံပြီး ဒီဇိုင်းထုတ်ထားတဲ့ ရေရှည်ခံ အတုလုပ်အသိုက်တွေ ပြုလုပ်တာ၊ ကျောင်းတွေမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာပေးတာနဲ့ တရားမဝင်အမဲလိုက်မှုနဲ့ သစ်တောပြုန်းတီးမှုကို လျှော့ချနိုင်ဖို့ ဒေသခံပြည်သူတွေအတွက် တခြားကဏ္ဍကနေ ဝင်ငွေရရှိမဲ့ ရေရှည်အခွင့်အလမ်းတွေ ဖန်တီးပေးတာတွေပဲ ဖြစ်ပါတယ်။  

သူတို့အတွက် ဒီအသိုက်တွေကို စွန့်ပစ်ပလတ်စတစ်ပုလင်းတွေ အပါအဝင် ပြန်လည်အဆင့်မြှင့်တင် အသုံးပြုထားတဲ့ Upcycled ပစ္စည်းတွေကို သုံးပြီး တည်ဆောက်ထားတာ ဖြစ်ကာ လက်ရှိအချိန်အထိ ထိုင်းနိုင်ငံတောင်ပိုင်းမှာ အဲဒီလို အသိုက်ပေါင်း ၂၀ ကို တပ်ဆင်ထားပါတယ်။

၂၀၂၅ ခုနှစ်အတွင်းမှာတော့ အောက်ချင်းငှက်ပေါက်ကလေး ၁၄ ကောင်ဟာ အဆိုပါ အသိုက်တွေထဲကနေ အောင်မြင်စွာ ပျံသန်းထွက်ခွာနိုင်ခဲ့သလို အခု ၂၀၂၆ ခုနှစ်မှာလည်း အသိုက် ၁၄ ခုမှာ ငှက်တွေ လာရောက်အခြေချ နေထိုင်နေကြပြီဖြစ်ကြောင်း ပွဲစီစဉ်သူတွေက ပြောပါတယ်။  

ဒီအစီအစဉ်မှာတော့ ဒေသခံကျောင်းသား ၆၀ ကျော် ပါဝင်နေကြပြီး အသိုက်တည်ဆောက်ရေးမှာ ပြန်လည်အသုံးပြု ပလတ်စတစ်ပစ္စည်းတွေ သုံးနိုင်ဖို့အတွက် TOA Venture Holding ကုမ္ပဏီနဲ့လည်း မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။  

ဒါ့အပြင် ဖရောက်ဒ်ဟာ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလူငယ်မှတ်တမ်းတင်ရုပ်ရှင် ၁၀ ကားစာရင်းမှာ ပါဝင်ခဲ့ပြီး လက်ရှိမှာ Thai PBS ရဲ့ VIPA Platform ပေါ်မှာ ပြသနေတဲ့ Homes for Hornbills ဆိုတဲ့ ဆုရမှတ်တမ်းတင်ရုပ်ရှင်တိုကိုလည်း ကိုယ်တိုင်ရိုက်ကူး ထုတ်လုပ်ခဲ့ပါတယ်။ 

သူဟာ စီမံကိန်းကနေ တွေ့ရှိချက်တွေကို ထိုင်းနိုင်ငံ၊ ကဆာ့တ်ဆက်တက္ကသိုလ်ရဲ့ သစ်တောရေးရာမဟာဌာနမှာ တင်ပြခဲ့ဖူးသလို ထိုင်းသတင်းမီဒီယာတွေမှာလည်း ဖော်ပြခြင်း ခံခဲ့ရပါတယ်။

ထိုင်းကျောင်းသူ ယာနင် ဖရောက်ဒ် ထန်ခါလာဝါကွန်းက "သစ်တောတွေအတွက် အောက်ချင်းငှက်တွေဟာ ဘယ်လောက် အရေးကြီးတယ် ဆိုတာ မြင်တွေ့ခဲ့ရတာကြောင့် သူတို့ကို ကာကွယ်ဖို့ ဘယ်လောက်အရေးတကြီး လိုအပ်နေပြီလဲဆိုတာကို သဘောပေါက်ခဲ့ရပါတယ်။ အခုလို Earth Prize ဆုကို ရရှိတာဟာ ဒီအသိုက်တွေ တပ်ဆင်မှုကို ပိုပြီးတိုးချဲ့ဖို့နဲ့ တောရိုင်းတိရစ္ဆာန်တွေရော၊ သူတို့ မှီတင်းနေထိုင်တဲ့ သစ်တောတွေအတွက်ပါ ရေရှည်ဖြေရှင်းချက်တွေ ဖန်တီးနိုင်ဖို့ ဒေသခံလူထုနဲ့ ပူးပေါင်းပြီး ဒီလုပ်ငန်းကို ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်သွားမယ့် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်" လို့  ပြောလိုက်ပါတယ်။  

Source: Khaosod 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013