DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-ဧရာဝတီတိုင်း ပြေးဆွဲနေသည့် ရေယာဉ်စီးခများ ၂ ဆခန့် မြင့်တက်
DVB
·
March 27, 2026
မော်လမြိုင်ကျွန်းဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် ပုသိမ်သူရေယာဥ်။ (Photo: မော်လမြိုင်ကျွန်းမြို့ခံ)
မော်လမြိုင်ကျွန်းဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် ပုသိမ်သူရေယာဥ်။ (Photo: မော်လမြိုင်ကျွန်းမြို့ခံ)
Donate to DVB

ရန်ကုန်နဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တွေကို ပြေးဆွဲနေတဲ့ ရေယာဉ်စီးနင်းခတွေ ၂ ဆနီးပါးအထိ မြင့်တက်လာတယ်လို့ ခရီးသည်တွေဆီက သိရပါတယ်။

ရန်ကုန်ကနေ ဘိုကလေး၊ ကျုံကျိုက်၊ မြင်းကကုန်း၊ မော်ကျွန်း စတဲ့မြို့နယ်တွေကို ပြေးဆွဲနေတဲ့ ရေယာဉ်တွေ စီးနင်းခတွေဟာ မတ် ၂၄ ရက်က စတင် ဈေးတက်လာတာဖြစ်ပြီး လူတယောက် အရင်က ကျပ်  ၁၂,၀၀၀ ကနေ အခု ကျပ်  ၂၀,၀၀၀ အထိ ၂ ဆနီးပါး ဈေးမြင့်တက်လာတာပါ။

မော်လမြိုင်ကျွန်းမြို့နယ်က ခရီးသည်တယောက်က “အရင်ကထက် ကျပ် ၈,၀၀၀ လောက် ထပ်တက်သွားတာ။ အသွားအပြန် ရေယာဉ်စီးခ ကျပ် ၄၀,၀၀၀ လောက်ရှိမှ ရန်ကုန်သွားဖို့ အဆင်ပြေတော့မယ်။ သက်သောင့်သက်သာရှိလို့ သင်္ဘောစီးတာ အခုတော့ သွားပြီ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်း ဘိုကလေး-ရန်ကုန်၊ မော်လမြိုင်ကျွန်း-ရန်ကုန်၊ ကျုံကျိုက်-မြင်းကကုန်း ခရီးစဉ်တွေ ကို ပုသိမ်သူ၊ ရွှေစင်ကြယ်၊ ရွှေမော်ကျွန်း စတဲ့ရေယာဉ်တွေက အသွားအပြန် အလှည့်ကျ ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။

ရေယာဉ်ပြေးဆွဲတဲ့ လုပ်ငန်းရှင်တွေနဲ့ နီးစပ်သူတယောက်က “အဓိကတော့ စက်သုံးဆီ ဈေးတက်လာလို့ ရေယာဉ်စီးခတွေပါ ဈေးထိုးတက်လာတာ ဖြစ်ပါတယ်။ အခု စက်သုံးဆီက လိုအပ်သလောက် မရဘူး ဖြစ်နေတယ်။ ရှေ့ဆက်ပြေးဆွဲရဖို့တောင် မသေချာသလောက် ဖြစ်လာတယ်” လို့ ပြောပါတယ်။

ရန်ကုန်ကနေ ဧရာဝတီတိုင်းထဲက ဘိုကလေး၊ မြင်းကကုန်း၊ ကျုံကျိုက်၊ မော်လမြိုင်ကျွန်း စတဲ့ ခရီးစဉ်တွေကို ပြေးဆွဲနေတဲ့ ရေယာဉ်တွေအနေနဲ့ အသွားအပြန်ခရီးကို စက်သုံးဆီ ဂါလန်ပေါင်း ၁၅၀ အထိ အသုံးပြု ပြေးဆွဲနေရတာ ဖြစ်ပါတယ်။

လတ်တလော ရေယာဉ်စီးခတွေ ဈေးတက်လာပေမဲ့ ကုန်ပစ္စည်းတွေ တင်ဆောင်ခ အနေနဲ့ ဈေးတက်လာခြင်း မရှိသေးဘဲ စက်သုံးဆီရရှိမှုနဲ့ ဈေးနှုန်းအပေါ်မူတည်ကာ ငွေကို သတ်မှတ် ကောက်ခံ ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်သုံးဆီ အခက်အခဲကြောင့် လာမဲ့ အတာသင်္ကြန်အကြိုကာလ၊ သင်္ကြန်တွင်းကာလနဲ့ သင်္ကြန်အပြီး ကာလတွေမှာ ရေယာဉ်တွေ ပြေးဆွဲပေးဖို့ အစီအစဉ်ကို လတ်တလော မသိရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ရန်ကုန်-ဧရာဝတီတိုင်း ပြေးဆွဲနေသည့် ရေယာဉ်စီးခများ ၂ ဆခန့် မြင့်တက်