DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်က PDF စခန်းများကို ပိုက်စိပ်တိုက်ရှာဖွေ
DVB
·
February 20, 2023
မကွေးတိုင်းတွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်က PDF စခန်းများကို ပိုက်စိပ်တိုက်ရှာဖွေ
Donate to DVB

မကွေးတိုင်းမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ စစ်ကောင်စီတပ်သားတွေ အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက်နေသလို စစ်ကောင်စီစစ်ကြောင်းတွေက PDF စခန်းတွေကို ပိုက်စိပ်တိုက်ရှာဖွေနေပြီး ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပခုက္ကူမြို့နယ် အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းကို စစ်ကောင်စီက အင်အား ၉၀ လောက်နဲ့ စစ်ကြောင်း ၂ ခုခွဲကာ PDF တွေကိုရှာဖွေ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးစစ်ဆေး ခြိမ်းခြောက်တာတွေ ပြုလုပ်နေတာပါ။

ဖေဖော်ဝါရီ ၁၀ ရက်က ပခုက္ကူမြို့နယ် စစ်ကောင်စီ- တိရစ္ဆာန်မွေးမြူရေးနဲ့ လေ့ကျင့်ရေး အမှတ် ၁ တပ်ကို ပခုက္ကူမဟာမိတ်တပ်ပေါင်းစု ဒေသကာကွယ်ရေးတပ် (MCKC PDF) က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က မြို့နယ်တခုလုံးမှာ ပိုက်စိပ်တိုက် ရှာဖွေနေတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ပခုက္ကူမြို့နယ်၊ ကျေးရွာ ၁၂ ရွာက ပြည်သူ ၂၀,၀၀၀ ဝန်းကျင် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ပခုက္ကူ PDF တာဝန်ရှိသူတဦးက “၁၀၁ ကနေ ထွက်လာတယ်ပေါ့နော်။ အရှေ့ဘုန်းကံက ပျူရွာလည်းဖြစ်တယ်။ အဲ့ဒီကနေတဆင့် မြောက်လူးကန်ကျေးရွာကို ဝင်တယ်။ မျောက်လူးကန်ကမှ ပခုက္ကူဘက်ကိုပေါ့။ ကိုင်းက PDF စခန်းတခုကို မီးရှို့တယ်။ အင်အားက ၈၀၊ ၉၀ ပါမယ်။ မြောက်လူးကန်မှာရှိတဲ့ ပြည်သူ ၁၀ ယောက်လောက် ဖမ်းဆီးခေါ်ဆောင်ခံရတယ်။ တောင်ယာလုပ်နေကြတာ” လို့ ပြောပါတယ်။

မကွေးတိုင်းထဲမှာ စစ်အုပ်ချုပ်ရေး ၅ မြို့နယ် ကြေညာထားကာ ပခုက္ကူမြို့နယ်နဲ့ ထိစပ်နေတဲ့ မြိုင်၊ ပေါက်၊ ရေစကြို၊ တန့်ကြည်တောင်တကြောမှာ စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားမှု ပိုမိုပြုလုပ် စစ်ကြောင်းထိုးနေသလို ပခုက္ကူအရှေ့ဘက်ခြမ်း မြောက်လူးကန်၊ ကွမ်းသီးကန် စတဲ့ ရွာတွေဘက်မှာလည်း စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပခုက္ကူမြို့နယ် မြစ်ခြေ-ကျွန်းချောင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံအနီး ကျေးရွာတွေကို ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းက အင်အား ၁၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးခဲ့ပြီး ငွေသောင်၊ အိုင်ကြီး၊ ညောင်လှ စတဲ့ကျေးရွာတွေမှာ ရွာသား ၅၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ခြေ၊ ဆိပ်ဖြူမြို့နယ်တွေက ကျေးရွာတွေမှာ ပြည်သူတွေကိုဖမ်းဆီးပြီး PDF တွေရဲ့ သတင်းတွေကို စစ်ကောင်စီတပ်သားတွေက စုံစမ်းစစ်ဆေးနေတယ်လို့ ဒေသခံ PDF တာဝန်ရှိသူတယောက်က ပြောပါတယ်။

မြစ်ခြေ-ဆိပ်ဖြူ PDF တာဝန်ရှိသူတဦးက “ယောချောင်းရဲ့ အရှေ့ဘက်ရော အနောက်ဘက်ရော အင်အား ၈၀ လောက်က အထူးတပ်နဲ့တူပါတယ်၊ တနေရာကနေ တနေရာ လျင်လျင်မြန်မြန် သွက်သွက်လက်လက်နဲ့ ထိုးပြီးတော့ ဆိပ်ဖြူမြို့နယ်ထဲအထိ ရှင်းလင်းရေးဝင်သွားတယ်။ တောင်ရွာမရွာထဲကို ဝင်သွားချိန်မှာ ပုဂံ-ညောင်ဦးဘက်ကလာတဲ့ အင်အား ၁၅၀ ကျော်လောက်နဲ့ မြစ်ခြေဘက်ကို ဆက်ထိုးလာတယ်။ ဆန်ဖြူရွာကိုရောက်တဲ့ အရပ်မှာတော့ အဲ့ဒီအဖွဲ့နဲ့ ဆိပ်ဖြူဘက်ကိုထိုးသွားတဲ့အဖွဲ့နဲ့ ပေါင်းပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လိုက်ရှာတယ်။ မတွေ့ဘူး။ မွှေနှောက်ပြီး ရှာတာပေါ့ဗျာ။ ဘုန်းကြီးကျောင်းမှာ ခိုအောင်းနေတဲ့ ၁၄-၅ယောက်ကို ရိုက်လား ပုတ်လား မေးပြီးခါမှ ဒီအတိုင်း ပြန်လွှတ်လိုက်တယ်။ မြစ်ခြေကိုပြန်မယ့်အဖွဲ့က ပြည်သူ ၁၀ ယောက်လောက်ကို ဖမ်းပြီးတော့ သူတို့ပါလာတဲ့ ပစ္စည်းတွေကို လိုက်ပို့ခိုင်းတယ်။ ခုဆို မြစ်ခြေမြို့နယ် သကျသီဟ ဘောလုံးကွင်းထဲမှာ စုနေကြတယ်။ ပုဂံ-ညောင်ဦးဘက်ကလာတဲ့ အဖွဲ့ကတော့ ပုဂံ-ညောင်ဦးကို ပြန်ဆုတ်ခွာသွားပြီလို့ သတင်းရတယ်။ ပခုက္ကူမြို့နယ်၊ ဆိပ်ဖြူမြို့နယ် အစပ်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေသည် သူတို့ကို သူတင်ကိုယ်တင် ချေမှန်းလို့ရနေတဲ့ အနေအထားမှာ ရှိနေပြီးသားပါ။ ပြည်သူတွေရဲ့ စားဝတ်နေရေး ဖြတ် ၄ ဖြတ်နဲ့ ထိသွားမှာစိုးလို့သာ ရေငုံနှုတ်ပိတ်နဲ့ သည်းခံပြီးနေရတာဗျ” လို့ ပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်းထဲမှာလည်း စစ်ကောင်စီတပ်က PDF တွေကို ပိုက်စိပ်တိုက် ရှာဖွေနေတယ်လို့ PDF ခေါင်းဆောင်တွေက ပြောပါတယ်။ CDM ဝန်ထမ်းတွေရဲ့ နေရပ်လိပ်စာတွေကို ထွေအုပ်ရုံးကနေ တောင်းယူပြီး CDM တွေကို ဖမ်းဆီးခြိမ်းခြောက်ဖို့ ပြင်ဆင်နေတယ်လို့ အရာတော် PDF တာဝန်ရှိသူတယောက်က ပြောပါတယ်။

“လယ်တီရပ်ကွက်ပေါ့။ အဲ့နားပတ်ချာလည်ရွာတွေ လှည့်ပတ်ရှို့နေတယ်။ လူ ၅၀ လောက် ကျောင်းထဲမှာဖမ်းထားတာ NON-CDM တယောက်ပါသွားတာ။ CDM တွေ အကုန်ခေါ်တယ်။ အခု CDM စာရင်းတောင်မှ ထွေအုပ်ကနေပြီး နေရပ်လိပ်စာတွေရော ဘာတွေရော တောင်းပြီးတော့မှ ဘာဆက်လုပ်ဦးမလဲမသိဘူး။ CDM တွေဘက် လှည့်လာမှာပေါ့။ စစ်ကောင်စီက CDM မှမဟုတ်ဘူး။ သူတို့အချင်းချင်းလည်း ရိုက်ချင်ရိုက်မှာပဲ။”

စစ်ကောင်စီက ဇန်နဝါရီလကုန်မှာ အာဏာသိမ်းသက်တမ်းကို ၆ လထပ်တိုးခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တိုင်းနဲ့ပြည်နယ် ၈ ခုရှိ မြို့နယ်ပေါင်း ၃၇ ခုကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။

တကယ်တမ်း လက်တွေ့မှာတော့ စစ်အုပ်ချုပ်ရေး ကြေညာခံရတဲ့ မြို့နယ်တွေမှာ ထိတွေ့တိုက်ပွဲတွေ နည်းခဲ့ပြီး ဆက်စပ်မြို့နယ်တွေကို စစ်ကောင်စီက ထိန်းချုပ်ကာ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေကို ပိတ်ဆို့ဖို့ကြိုးစားတဲ့ ဗျူဟာကို အသုံးပြုနေတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013