
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဋ ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးပေါ် ဣန္ဒာမှတ်တိုင်က ဘီယာဆိုင်တခုနားမှာ ဖေဖော်ဝါရီ ၁၆ ရက်က လက်လုပ်ဗုံး ၁ လုံး တွေ့ရှိခဲ့လို့ ည ၉ နာရီ ၁၅ မိနစ်မှာ စစ်ကောင်စီဘက်က ဖောက်ခွဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
လက်လုပ်ဗုံးတွေ့လို့ စစ်ကောင်စီဘက်က ဖောက်ခွဲတာဟာ အခုအကြိမ်နဲ့ဆို ၃ ခါရှိပြီဖြစ်ပြီး စစ်ကောင်စီက နာမည်ယူဖို့ ကြိုးစားနေတာလို့ မြို့ခံတဦးက ပြောပါတယ်။
“၃ ရက်နေ့က တကြိမ်၊ သူတို့ ထွေအုပ်ရုံးနားမှာပဲတွေ့လို့ သူတို့ ခွဲခဲ့တာပဲ။ ၁၁ ရက်နေ့က ကန်သာယာပန်းခြံ၊ အိမ်သာမှာ တွေ့တာ။ တွေ့တာကလည်း သူတို့လူပဲလေ။ မနေ့ညက ဣန္ဒာမှတ်တိုင်နားက မိုက်တီးဘီယာဆိုင်ရှေ့မှာ တွေ့တာ၊ ည ၈ နာရီ ၂၀ လောက်တွေ့တာလို့ ပြောတယ်။ လူထူမှ ဝဲကုတ်ပြသလို စစ်ကောင်စီက လုပ်နေတာ။ တွေ့တဲ့ဗုံးက ဘီယာခွံကို ဓာတ်ခဲလေးနဲ့ ချိတ်ထားရုံလေး။ သူတို့ဖောက်ခွဲတာ အသံအကျယ်ကြီး။ မြောက်ဒဂုံ ကြိုးတံတားကတောင် ကြားရတယ်။”
အဆိုပါဗုံးဟာ အန်ဒမန်ဂိုး ဘီယာ ၂ ဘူးမှာ 9V ဓာတ်ခဲ၊ ဝါယာကြိုး၊ ဆားကစ်ပြားတခုတို့နဲ့ ချိတ်ဆက်ထားကာ ည ၈ နာရီ ၅၀ မှာ စစ်ကောင်စီရောက်ရှိပြီး ည ၉ နာရီ ၁၅ မိနစ်မှာ ဖောက်ခွဲခဲ့တာပါ။
ဗုံးတွေ့ရှိမှုတွေဟာ ဖေဖော်ဝါရီ ၃ ရက်မှာ ဃ ရပ်ကွက်၊ မြို့နယ်ထွေအုပ်ရုံးအနီးမှာ တကြိမ်၊ ၁၁ ရက်နေ့က ဋ ရပ်ကွက်၊ ကန်သာယာပန်းခြံ၊ သန့်စင်ခန်းအနီးမှာ တကြိမ်၊ ၁၆ ရက်နေ့မှာ ဋ ရပ်ကွက် ဣန္ဒာမှတ်တိုင်အနီးမှာ တကြိမ်၊ စုစုပေါင်း ၃ ကြိမ်မှာ ၃ ကြိမ်စလုံး စစ်ကောင်စီဘက်က ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။