
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က ပုဂ္ဂလိကဆေးရုံဆေးခန်းတွေရဲ့ ကျန်းမာရေးဝန်ထမ်း စာရင်းတွေကို ဖေဖော်ဝါရီ ၂၈ ရက် အပြီးပေးဖို့ စစ်ကောင်စီဘက်က လိုက်တောင်းနေတယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းက ပြောပါတယ်။
CDM ကျန်းမာရေးဝန်ထမ်း အလုပ်ခန့်ထားတယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီဘက်က မကြာခဏ ဝင်စစ်နေတာဖြစ်ပြီး လိပ်စာ၊ ဖုန်းနံပါတ်၊ ဓာတ်ပုံပါ တောင်းယူနေပါတယ်။
ပုဂ္ဂလိကဆေးရုံတခုနဲ့ နီးစပ်သူတဦးက “ရုတ်တရက် ဝင်စစ်တာ ၂ ကြိမ်ရှိပါပြီ။ မေဓာဝီဘက်က ဆေးခန်းတွေလည်း အစစ်ခံရတယ်။ ရှိတဲ့ဝန်ထမ်းစာရင်း အကုန်ပြဖို့ ပြောတယ်။ ဆေးဝန်ထမ်းရော၊ လုံခြုံရေးကအစ နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ ဓာတ်ပုံပါ လုပ်ခိုင်းထားတယ်။ ဒီလအကုန်ထိလို့ ပြောတယ်။ ရပ်ကွက်ဆေးခန်းတွေတော့ မပါလောက်ဘူးထင်တယ်။ သိရသလောက်တော့ CDM ဝန်ထမ်းတွေ ပုဂ္ဂလိကမှာ အလုပ်ဝင်လို့ မရအောင်ကို လုပ်နေတာ။ လူနာပဲ နစ်နာတာပေါ့။ အသည်းရောဂါဆို ရပ်ကွက်နဲ့မရလောက်ရင် ဒီကိုလာကြတာပဲ။ အခုဟာ မကြာခဏဝင်စစ်တာဆိုတော့ ဘာဖြစ်ချင်မှန်းလဲ မသိဘူး။ မကြာခဏ ရက်ချိန်းပြန်ပေးနေရတယ်” လို့ ပြောပါတယ်။
မြောက်ဥက္ကလာပမြို့နယ်မှာ ဆေးတက္ကသိုလ်-၂၊ ဆေးဝါးတက္ကသိုလ်၊ အစိုးရဆေးရုံ ၂ ရုံ၊ ပုဂ္ဂလိဆေးရုံကြီး ၈ ရုံနဲ့ အထူးကုဆေးခန်း ၂၇ ခန်း၊ အဆင့်မြင့်ဓာတ်ခွဲခန်း ၁၁ ခန်းကျော် ရှိတယ်လို့ သိရပါတယ်။
CDM ကျန်းမာရေးဝန်ထမ်းကို အလုပ်ခန့်လို့ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလတုန်းက မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံ ၅ ခုကို ၄ လတိတိ ပိတ်ထားဖို့ စစ်ကောင်စီဘက်က အမိန့်ချမှတ်ခဲ့တာကို တွေ့ရပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ဒီဇင်ဘာလအထိ CDM Medical Network ရဲ့ မှတ်တမ်းအရ ဖမ်းဆီးခံထားရတဲ့ CDM ကျန်းမာရေးဝန်ထမ်း ၃၅၅ ဦးထက်မနည်းရှိနေပြီး ဆရာဝန် အပါအဝင် သူနာပြုစတဲ့ ကျန်းမာရေးဝန်ထမ်း ၈၃ ဦး အသတ်ခံထားရတယ်လို့ သိရပါတယ်။