DVB Logo
Home
မြန်မာသတင်း
မုံရွာနှင့်ပုလဲတွင် တိုက်ပွဲဖြစ်၊ စစ်တပ်မီးရှို့သဖြင့် ခင်ဦးနှင့် ရွှေဘိုမှ ဒေသခံများ ထွက်ပြေးနေရ
DVB
·
February 14, 2023
မုံရွာနှင့်ပုလဲတွင် တိုက်ပွဲဖြစ်၊ စစ်တပ်မီးရှို့သဖြင့် ခင်ဦးနှင့် ရွှေဘိုမှ ဒေသခံများ ထွက်ပြေးနေရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ညောင်ပင်စောက်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လဝက) ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၁၃ ရက် ညနေက မုံရွာခရိုင် PDF မဟာမိတ်ပူးပေါင်းအဖွဲ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးတယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၄ က ထုတ်ပြန်ပါတယ်။

“လမ်းသွားလမ်းလာတွေကို စစ်ဆေးဖို့ လဝကရုံးထဲကနေ ထွက်လာတဲ့ စကစ စစ်သား ၅ ယောက်ကို အလစ်စောင့်ပြီး ပစ်ခတ်တိုက်ခိုက်တာ ၃ ယောက်ကတော့ ပွဲချင်းပြီးသေတယ်၊ ကျန် ၂ ယောက်က ရုံးထဲပြန်ဝင်ပြေးသွားတယ်” လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) ပြန်ကြားရေးတာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါပစ်ခတ်တိုက်ခိုက်တာကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၄၊ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၂၊ တပ်ရင်း-၃၊ တပ်ရင်း-၄၊ အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့ (Chindwin Attack Force) မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၄၊ တပ်ခွဲ-၄၊ 5/ Teachers People Defense Force PDF မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပစ်ခတ်တိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ထွေအုပ်ရုံးအနောက်ဘက်မှာလည်း ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၄ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပုလဲမြို့ပေါ်နေ ပြည်သူတွေဆီက သိရပါတယ်။

အဆိုပါ ပုလဲထွေအုပ်ရုံးကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်က ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာကနေ ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့စစ်တပ် ဖြစ်တယ်လို့လည်း သိရပါတယ်။

ပုလဲမြို့နေ အမည်မဖော်လိုတဲ့ ဒေသခံတဦးက “သူတို့ထဲက တိုင်ရင်းသားတွေလည်း ပါတယ်ထင်တယ်ဗျ။ သူတို့စကားပြောရင် ဗမာစကားမဟုတ်တဲ့ စကားတွေနဲ့ ပြောကြတယ်။ ကိုယ်လည်း သူတို့ပြောတဲ့ စကားတွေလည်း နားမလည်ဘူး။ အဲ့ကောင်တွေနဲ့ ဒီနေ့ညနေခင်း ၄ နာရီလောက်ရောက်တော့ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပုံရတယ်ဗျ။ ထမ်းစဉ်နဲ့ထမ်းလာတဲ့ သူက ၃ ကောင်၊ ဒဏ်ရာရလို့ တွဲခေါ်သွားသူက ၁ ဦး၊ စုစုပေါင်း ၄ ဦးတော့ ထွေအုပ်ရုံးထဲဝင်သွားတာ မြင်လိုက်ရတယ်” လို့ ပြောပါတယ်။

ဒီတိုက်ပွဲဖြစ်စဉ်အတွက် ပုလဲပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီ ဆက်သွယ်မေးမြန်းရာမှာ “ဖြစ်တာက ကျနော်တို့အဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ်လို့ ပြောရမှာပဲ။ ဒီကောင်တွေ ညကင်းစောင့်ဖို့ ညနေ ၄ နာရီလောက် ကင်းပုန်းဝပ်ဖို့ ထွေအုပ်ရုံးအနောက်ဘက် တက်လာတာကို ပဒေသာမိုင်း ဆွဲလိုက်နိုင်တယ်ဗျ။ စ(--)အသေအပျောက်ကတော့ မြို့ထဲက ဖရဲသီးတွေ ပို့ပေးတာကတော့ ၃ ဦး နေရာတင်သေပြီး ၁ ဦး ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်” လို့ ယင်းမာပင်ခရိုင်၊ တပ်ရင်း-၁၀ အဖွဲ့ရဲ့ တာဝန်ရှိသူ ရဲဘော်ပေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အကျအဆုံးများခဲ့ကာ ကား ၃ စီးလည်း မီးရှို့ခံခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်းထဲမှာပဲ ခင်ဦးမြို့နယ် လက်ပံလှကျေးရွာကို ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးလို့ လက်ပံလှကျေးရွာအပြင် အနီးနားကျေးရွာ ၇ ရွာက ပြည်သူ ၅,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ဝန်းကျင်က လက်ပံလှရွာထဲမှာ မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရလို့ နေအိမ်ဘယ်လောက် ဆုံးရှုံးလဲဆိုတာ မသိရသေးသလို ဒုတိယအကြိမ်မြောက် မီးရှို့တာလို့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ကျေးရွာ ၄ ခုကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးနေလို့ ဒေသခံအများအပြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ရွှေဘိုမြို့နယ်ထဲက ကျား ၃ ရွာ အပါအဝင် ညောင်ကန်ကျေးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက မီးရှို့ဖျက်ဆီးနေလို့ ကလေးသူငယ်တွေနဲ့ အသက်ရွယ်ကြီးတဲ့သူတွေပါ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုမြို့နယ်ထဲက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေကို ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေက ထမင်းထုပ်တွေ ဝေငှနေတာ ရှိတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း စစ်တပ်နဲ့ လက်အောက်ခံ အဖွဲ့စည်းတွေ အကြမ်းဖက် မီးရှို့ဖျက်ဆီးလို့ ပြည်သူလူထု နေအိမ်ပေါင်း ၅၅,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013