DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသို့ လူမှောင်ခိုကူးခံရသည့် ဖိလစ်ပိုင်နိုင်ငံသား ၈ ဦးကို ကယ်တင်နိုင်ခဲ့
DVB
·
February 13, 2023
မြန်မာနိုင်ငံသို့ လူမှောင်ခိုကူးခံရသည့် ဖိလစ်ပိုင်နိုင်ငံသား ၈ ဦးကို ကယ်တင်နိုင်ခဲ့
Donate to DVB

မြန်မာနိုင်ငံတွင်းမှာ လူမှောင်ခိုကူးခံခဲ့ရသူနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ဖိလစ်ပိုင်နိုင်ငံသား ၈ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက် ဒီမနက်အစောပိုင်းမှာ ဖိလစ်ပိုင်နိုင်ငံကို ပြန်လည်ပို့ဆောင်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်အခြေစိုက် ABS-CBN သတင်းက ရေးပါတယ်။

အဲဒီထဲက ၄ ဦးဟာ ဖောက်သည်ကူညီထောက်ပံ့ရေးကိုယ်စားလှယ်အဖြစ် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ အွန်လိုင်းကနေတဆင့် ဒူဘိုင်းကနေအလုပ်ခေါ်ယူခံခဲ့ရတာဖြစ်ကြောင်း လက်တွေ့မှာတော့ သူတို့ဟာ မြန်မာနိုင်ငံအတွင်းသို့ ခေါ်ဆောင်ခံခဲ့ရပြီး ဒီဂျစ်တယ်ငွေကြေး Cryptocurrency လုပ်ငန်းမှာ လူတွေရင်းနှီးမြှုပ်နှံချင်လာအောင် ဖျားယောင်းသိမ်းသွင်းဖို့ ဖိအားပေးခိုင်းစေခံခဲ့ရတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီလုပ်ငန်းမှာ လူတွေရင်းနှီးမြှုပ်နှံလာအောင် ဖျားယောင်းသိမ်းသွင်းနိုင်ခြင်းမရှိတဲ့ လူမှောင်ခိုကူးခံခဲ့ရသူတွေကို အလုပ်ရှင်က အစာမကျွေးသလို လုပ်ခလစာလည်း မပေးဘူးလို့ ဖိလစ်ပိုင်လွှတ်တော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နောက်ထပ်အမျိုးသမီး ၄ ဦးကတော့ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာလို့ ဆိုပါတယ်။

အဲဒီ ၈ ဦးဟာ ဖိလစ်ပိုင် စံတော်ချိန် မနက် ၅ နာရီ ၂၅ မိနစ်မှာ နီနွိုင်းအာကွီနို နိုင်ငံတကာလေဆိပ်ကို ပြန်လည်ရောက်ရှိလာခဲ့ကြပြီး ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံ ရွှေပြောင်းလုပ်သားရေးရာဌာနရဲ့ ယာယီအတွင်းရေးမှူး အက်ဒွာဒို ဟိုဆေးဗေဂါ က သွားရောက်ကြိုဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက “မြန်မာ-ထိုင်း နယ်စပ်က ချစ်ကြည်ရေးတံတားဟာ ပိတ်ထားခဲ့တာ ၃ နှစ်ရှိခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ထိုင်းနဲ့ မြန်မာနိုင်ငံသားတွေအတွက် ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် နယ်ခြားမြစ်ကို ထိုင်းကနေ ဖြတ်ကူးလိုက်တာနဲ့ ဒါဟာ တရားမဝင် ဝင်ရောက်မှုဖြစ်သွားတယ်။ ဖိလစ်ပိုင်လို တခြားနိုင်ငံကလာတဲ့သူတွေအနေနဲ့ မြန်မာနိုင်ငံထဲကို ဝင်ချင်ရင် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် လေဆိပ်တွေကနေ တဆင့်ဝင်ရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အွန်လိုင်းပေါ်မှာ ဆိုရှယ်မီဒီယာတွေကနေတဆင့် အလုပ်အကိုင်အတုအယောင်တွေနဲ့ ခေါ်ယူနေတဲ့ လူမှောင်ခိုသမားတွေကိုလည်း သတိထားကြဖို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက သူ့နိုင်ငံသားတွေကို သတိပေးအကြံပြုခဲ့ကြောင်း ABS-CBN သတင်းက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်မှာ စစ်ကောင်စီတပ်တွေ၊ နယ်ခြားစောင့်တပ်တွေနဲ့ တရုတ် ဒုစရိုက်သမားတွေ ပူးပေါင်းပြီး တရားမဝင်လုပ်ငန်း‌တွေလုပ်ကိုင်နေကြတာမှာ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယ စတဲ့ ဒေသတွင်းနိုင်ငံတွေက နိုင်ငံသားတွေ မကြာခဏ လူကုန်ကူးခံရပြီး  ခိုင်းစေခံနေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013