Home
မြန်မာသတင်း
ခင်ဦးမြို့နယ် သနပ်စိန်ကျေးရွာနှင့် ကျွန်းလှမြို့နယ် ကြာတကန်ရွာတို့ကို စစ်တပ်က မီးရှို့
DVB
·
February 12, 2023

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ သနပ်စိန်ကျေးရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၁ ရက်က ဒုတိယအကြိမ် ဝင်ရောက်မီးရှို့တဲ့အတွက် ပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၀ ရက်က အိမ်ခြေ ၁၂၀ ကျော်ရှိတဲ့ သနပ်စိန်ကျေးရွာကို  ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့ပြီးနောက် ဒေသခံတွေဟာ ကျေးရွာအတွင်း ယာယီတဲဆောက်နေထိုင်နေရာက ဒုတိယ အကြိမ် ထပ်မံမီးရှို့ခံခဲ့ရတာလို့ ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက အင်ကြင်းပင်ကျေးရွာ၊ ဝေဘူဆရာတော် ဘုရားကြီးကျောင်းမှာ လုပ်တဲ့အစည်းအဝေးကို အင်ကြင်းပင်နဲ့ ဖန်းခါးကုန်းရွာက  တအိမ် တယောက် အစည်းအဝေးတက်ရောက်ရမှာဖြစ်ပြီး မတက်ရောက်တဲ့နေအိမ်တွေကို မီးရှို့မယ်လို့ ပြောဆို ခြိမ်းခြောက်ခေါ်ယူခဲ့တယ်လို ဒေသခံပြည်သူတဦးက ပြောပါတယ်။

ဒါအပြင် အစည်းအဝေးတက်ရောက်တဲ့ အင်ကြင်းပင်နဲ့ ဖမ်းခါးကုန်းကျေးရွာကို မီးရှို့မှာ မဟုတ်သလို စောကြီးနဲ့သနပ်စိန်ရွာဟာ အနီတွေများတဲ့အပြင် PDF တွေလာရင် သတင်းပေးကြဖို့ ပြောဆိုပြီးနောက် အစည်းအဝေးတက်ရောက်နေသူတွေဆီက ဆန်၊ ဆီနဲ့ မြေပဲတွေကို ခြိမ်းခြောက် တောင်းယူသွားခဲ့ပြီး မဒေါင်းလှကျေးရွာကို သယ်ဆောင်သွားတယ်လို့  အစည်းအဝေး တက်ရောက်ခဲ့သူ တဦးက ပြောပါတယ်။

ခင်ဦးမြိုနယ်အတွင်း စစ်ကောင်စီက မဒေါင်းလှ၊ မကျီးတုံ၊ ပျဥ်ထောင်၊ ရွာသစ်ကုန်း ကျေးရွာတွေအတွင်းမှာ တပ်ဆွဲထားပြီး မကြာခဏဆိုသလို အနီးအနားရွာတွေကို ဝင်ရောက် စီးနင်းပြီး ရိက္ခာတွေကို ခြိမ်းခြောက် တောင်းယူလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်၊ ထန်ပင်ကုန်းအုပ်စု၊ ကြာတကန်ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ဖေဖော်ဝါရီ ၁၁ ရက် မနက် ၁၂ နာရီ‌ကျော်လောက် မီးရှို့ခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

ကြာတကန်ရွာသားတဦးက “ကျွန်းလှနဲ့ ကျနော်တို့ ရွာက ၂ မိုင်ကျော်ကျော်လောက် ဝေးတယ်။ သူတို့လာပြီဆိုတာနဲ့ ရွာသားတွေကတော့ အကုန်ထွက်ပြေးတယ်။ နေအိမ်တွေကို မီးရှို့တယ်။ မီးလောင်တဲ့အိမ်ကတော့ အတိကျ မသိရသေးဘူး။ စစ်ကောင်စီတပ်တွေကတော့ ရွာထဲကနေ ထွက်သွားကြပြီ။ ကာကွယ်ရေးတပ်တွေက ပေးမဝင်သေးတာ။ မိုင်းတွေ ထောင်ထားမှာဆိုးလို့” လို့ ပြောပါတယ်။

အခုစစ်ကောင်စီ မီးရှို့ခဲ့တဲ့ ကြာတကန်ကျေးရွာဟာ ထန်းပက်ကျေးရွာအုပ်စုထဲက ဖြစ်ပြီး အိမ်ခြေ ၂၀၀ လောက်ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024