DVB Logo
Home
မြန်မာသတင်း
စစ်တပ်၏အကြမ်းဖက်မှုများတွင် ကလေးငယ်များ ပစ်မှတ်ထားခံနေရဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
DVB
·
February 8, 2023
စစ်တပ်၏အကြမ်းဖက်မှုများတွင် ကလေးငယ်များ ပစ်မှတ်ထားခံနေရဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေမှာ ကလေးငယ်တွေ မကြာခဏ ပစ်မှတ်ထားခံနေရကြောင်းနဲ့ တချို့ကလေးငယ်တွေဟာ စစ်လေယာဉ်နဲ့ ဗုံးကြဲမှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရမှုတွေကနေ ရှောင်ရှားနိုင်ဖို့ ဗုံးခိုကျင်းတွေထဲမှာ စာသင်ကြားရတဲ့ အခြေအနေမျိုး စိတ်မကောင်းစွာ ရောက်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာ ဖေဖော်ဝါရီ ၇ ရက်ကနေ ၁၀ ရက်အထိ ကျင်းပတဲ့ ၂၀၂၃ ခုနှစ်အတွက် UNICEF Executive Board အဖွဲ့ရဲ့ ပထမအကြိမ် ပုံမှန်အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပါဝင်တက်ရောက် ပြောကြားခဲ့တာပါ။

UNICEF မှတ်တမ်းအရ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ ရေ အရင်းအမြစ်၊ အညစ်အကြေးစွန့်ပစ်မှုနဲ့ ကလေးငယ်တွေ အကာအကွယ်ပေးရေး ကဏ္ဍတို့မှာ  စစ်အာဏာမသိမ်းမီကာလအထိ တိုးတက်ကောင်းမွန်ခဲ့ပေမဲ့ ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ်ကစလို့ စစ်တပ်က မတရားဖမ်းဆီးထိန်းချုပ်မှု၊ နေရပ် စွန့်ခွာစေမှု၊ ဓားစာခံအဖြစ် ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုစတဲ့ ရက်စက်ကြမ်းကြုတ်မှု ဒဏ်ခံရသူတွေထဲမှာ ကလေးငယ်တွေ ပါဝင်နေပြီး စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေမှာ ကလေးငယ်တွေ မကြာခဏ ပစ်မှတ်ထားခံနေရတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

စစ်တပ်ဟာ စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်တို့အတွင်းရှိ ကိုယ်ပိုင်ကျောင်းတကျောင်းနဲ့ ရခိုင်ပြည်နယ်မှာ ကလေးနာမည်ပေး ကင်ပွန်းတပ် အခမ်းအနားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁၁  ဦး အသက်သေဆုံးခဲ့ရပါတယ်။

၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာပဲ စစ်တပ်က ကလေးငယ် စုစုပေါင်း ၁၆၅  ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ဒါဟာ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ပါက ၇၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊  UN OCHA ရဲ့ အစီရင်ခံစာများအရ ၅ ဒသမ ၆ သန်းသော ကလေးငယ်တွေဟာ စားနပ်ရိက္ခာ မလုံလောက်မှု၊ သန့်ရှင်းသော သောက်ရေ သုံးရေ၊ ကာကွယ်ဆေးနဲ့ ပညာသင်ကြားမှုတို့ကို အကန့်အသတ်နဲ့သာ ရရှိလို့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အထူးလိုအပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်အနေနဲ့  မကြာခင်က ၃၇ မြို့နယ်မှာ စစ်အုပ်ချုပ်ရေး Martial Law ထုတ်ပြန်ခဲ့ရာ လိုအပ်သူတွေထံ အကူအညီတွေရောက်ရှိရေး ပိုမိုကန့်သတ်တားဆီးခံရနိုင်ခြေရှိကြောင်း၊ စစ်တပ်အနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေ ပိုလုပ်လာနိုင်တာကြောင့် ကလေးငယ်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်ချက် ဆက်လက် မြင့်တက်ဖို့ရှိတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

စစ်အာဏာရှင်အောက်မှာ မြန်မာကလေးငယ်တွေရဲ့ အနာဂတ် မရေမရာရှိနေပြီး၊ စစ်အာဏာရှင် ချုပ်ငြိမ်းမှသာ ဒီလိုမရေမရာ ရှိမှုတွေကနေ ကာကွယ်ပေးနိုင်မှာဖြစ်လို့ မိမိတို့ ကြိုးပမ်းအားထုတ်မှုတွေကို အားလုံးဝိုင်းဝန်းကူညီဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေတ္တာရပ်ခံပါတယ်။

အလှူရှင်နိုင်ငံတွေအနေနဲ့လည်း  UNICEF အတွက် လိုအပ်တဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ  ၁၂၁ သန်းကို ထောက်ပံ့ပေးခြင်းအားဖြင့် အကူအညီ လိုအပ်နေတဲ့ ကလေးငယ်တွေ၊ အထူးသဖြင့် ပဋိပက္ခဒေသက ကလေးငယ်တွေကို  ထောက်ပံ့ပေးနိုင်မယ်လို့ ဆိုပါတယ်။

UNICEF အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးကတ်သရင်ရပ်စ်ဆဲလ်က ကျန်းမာရေး၊ ပညာရေး၊ လုံခြုံဘေးကင်းရေးနဲ့ လေးငယ်တွေရဲ့ အနာဂတ်လုံခြုံရေးတို့ဟာ တပြိုင်နက်တည်း ဖြစ်ပေါ်နေပြီး မြောက်မြားစွာသော အကျပ်အတည်းတွေနဲ့ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013