DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်အမျိုးသားနေ့ SSA ဌာနချုပ်တွင်ကျင်းပ၊ မိမိလူမျိုးအပေါ် နိုင့်ထက်စီးနင်းလုပ်လာပါက တုံ့ပြန်မည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ် ပြော
DVB
·
February 7, 2023
ရှမ်းပြည်အမျိုးသားနေ့ SSA ဌာနချုပ်တွင်ကျင်းပ၊ မိမိလူမျိုးအပေါ် နိုင့်ထက်စီးနင်းလုပ်လာပါက တုံ့ပြန်မည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ် ပြော
1 / 5
Donate to DVB

တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းတဲ့လမ်းကြောင်းကို သွားနေတာဖြစ်ပြီး မိမိတပ်ဖွဲ့နဲ့ မိမိလူမျိုးအပေါ် နိုင့်ထက်စီးနင်း လုပ်လာပါက တုံ့ပြန်ဖို့အသင့်ပဲလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်စစ်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၇ ရက် ဒီနေ့ကျရောက်တဲ့ ၇၆ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားတွေကို ရှမ်းတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ RCSS/SSA နဲ့ SSPP/SSA က ဌာနချုပ်မှာ အသီးသီးကျင်းပပါတယ်။

အခမ်းအနားမှာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်စစ်က "လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က ရှမ်းခေါင်းဆောင်တွေဟာ ပြည်ထောင်စုထဲပါဝင်ဖို့ သဘောတူခဲ့တယ်၊ ၁၀ နှစ်ပြည့်ရင် ပြန်ခွဲထွက်လိုက ခွဲထွက်နိုင်တယ်ဆိုတဲ့ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တယ်၊ ရှမ်းပြည်တိုင်းရင်းသား အားလုံးနဲ့ဆိုင်တဲ့ အလံတော်ကို သတ်မှတ်ခဲ့တယ်၊ မြန်မာနိုင်ငံအလံတော် အကြိမ်ကြိမ်ပြောင်းခဲ့ပေမဲ့ ရှမ်းအလံ မပြောင်းလဲဘူး၊ အခုထက်ထိ ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာကို လက်နက်နဲ့ဖြေရှင်းရင် ပြဿနာပိုကြီးထွားစေတယ်၊ ဒါကြောင့် ကျနော်တို့အဖွဲ့အစည်းက တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းတဲ့လမ်းကြောင်းကို သွားနေတာဖြစ်တယ်၊ ဒီအတွက် အဖွဲ့တိုင်းနဲ့ ဆွေးနွေးမယ်၊ ဒီနည်းနဲ့ ဖြေရှင်းနေစဉ် မိမိတပ်ဖွဲ့အပေါ် မိမိလူမျိုးအပေါ် နိုင့်ထက်စီးနင်း လုပ်လာမယ်ဆိုရင်တော့ တုံ့ပြန်ဖို့အသင့်ပဲ၊ ကျနော်တို့ဟာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်ဘာသာနဲ့ သာသနာကို ထိန်းသိမ်းနေတာ ဖြစ်တယ်"လို့ ပြောပါတယ်။

RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်းက အခမ်းအနားကို ဒီမနက် ၈ နာရီလောက်မှာ စတင်ကျင်းပပြီး PPST (အပစ်အခတ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့) နာယက ဦးခွန်စိုင်း၊ PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် အကြီးအကဲ ဗိုလ်မှူးကြီးခွန်ဥက္ကာနဲ့ LDU လားဟူ ဒီမိုကရက်တစ်အစည်းအရုံးမှ ကျာဆော်လမွန်တို့က အခမ်းအနား သဘာပတိတွေအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

RCSS အတွင်းရေးမှူးကလည်း ရှမ်းပြည်တိုင်းရင်းသားနဲ့ ပြည်ထောင်စုတဝန်းရှိ တိုင်းရင်းသားအားလုံးအနေနဲ့ ရှမ်းပြည်အမျိုးသားနေ့ အနှစ်သာရနဲ့ ပင်လုံကတိကဝတ်၊ ပင်လုံစိတ်ဓာတ်၊ ပင်လုံစာချုပ်ပါ သဘောတူချက်တွေအတိုင်း စုပေါင်းအကောင်အထည်ဖော်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မှသာ လက်ရှိတိုင်းပြည် အထွေထွေအကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် အကြောင်းအရာပါ RCSS ရဲ့ ၇၆ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ ထုတ်ပြန်ချက်ကို ဖတ်ကြားသွားပါတယ်။

ဒါ့အပြင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှုူးကြီးမင်းအောင်လှိုင် ပေးပို့တဲ့သဝဏ်လွှာ၊ PPST၊ DKBA၊ ALP၊ PNLO အစရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ပေးပို့တဲ့ သဝဏ်လွှာနဲ့ SNLD ပါတီထံက ပေးပို့တဲ့ သဝဏ်လွှာတွေ ဖတ်ကြားခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၂ ရပ်လုံးထံ ပေးပို့တဲ့ သဝဏ်လွှာမှာတော့ လွန်ခဲ့တဲ့ ၇၆ နှစ်က ဒီလိုအချိန်မှာ တိုင်းရင်းသား တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ စာချုပ်ချုပ်ဆိုခဲ့တယ်၊ ဒါပေမဲ့ ဒီကနေ့ထိ အဲဒီရည်မှန်းချက် မရောက်သေးတဲ့အပြင် တိုင်းရင်းသားအချင်းချင်းကြားမှာလည်း မသင့်မြတ်မှုတွေ ဖြစ်လာတယ်၊ ဒါကြောင့် ပြန်လည်နီးစပ်အောင် ချဉ်းကပ်ကြပြီး စည်းလုံးမှု တည်ဆောက်ရမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ ရှမ်းပြည်ရဲ့ ရေမြေသဘာဝနဲ့ လိုက်လျောညီထွေတဲ့ ပြည်သူလူထုသဘောဆန္ဒပါတဲ့ ရှမ်းပြည်ဖွဲ့စည်းပုံကို ရေးဆွဲရမယ်၊ အာဏာရှင်စနစ်ကို တော်လှန်ရေး၊ တိုင်းရင်းသားတန်းတူညီမျှရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးကို အခြေခံရမယ်၊  အဲဒီလို ဖော်ဆောင်ရာမှာ လူမျိုး၊ ဘာသာ၊ သာသနာ၊ ကျား၊ မ ခွဲခြားမှု လုံးဝမရှိသင့်ပါ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဝါဒပေါ် မူတည်ပြီး နိုင်ငံရေး၊ စစ်ရေး၊ ပညာရေး၊ စီးပွားရေး အဘက်ဘက်က တိုးတက်အောင် ဆောင်ရွက်သွားနိုင်ပါစေလို့ တိုက်တွန်းထားပါတယ်။

RCSS/SSA ရဲ့ ဒီကနေ့အခမ်းအနားမှာ စစ်ကောင်စီဘက်က ဒုဗိုလ်ချုပ်ကြီး အေးဝင်း၊ တြိဂံတိုင်း ဒုတိုင်းမှူးနဲ့ အရှေ့အလယ်ပိုင်းတိုင်း (ခိုလမ်) ဒုတိုင်းမှူးတို့ပါ တက်ရောက်လာကြပါတယ်။

SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်ကလည်း ၇၆ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို ဌာနချုပ် ဝမ့်ဟိုင်းမှာ ဒီကနေ့မနက်က ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ SSPP နာယကကြီး ဗိုလ်ချုပ်ဆေထင်က ရှမ်းအမျိုးသားနေ့မှ ရှမ်းပြည်အမျိုးသားနေ့အဖြစ် ပြောင်းလဲခေါ်ဝေါ်ရခြင်း၊ ရှမ်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံနဲ့ ပင်လုံစာချုပ်ပါ သဘောတူချက်၊ ကတိကဝတ်၊ စစ်အစိုးရရဲ့ မတရားမှုတွေ၊ လက်နက်ကိုင်တော်လှန်ရတဲ့ အကြောင်းတွေ ပြောကြားခဲ့ပါတယ်။

ဒီကနေ့အခမ်းအနားမှာ SSPP/SSA အဖွဲ့ဝင်တွေအပြင် ပြည်သူလူထုပါ အင်အား ၂,၈၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ အဖွဲ့အစည်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013