
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာ အဓမ္မ ငွေတောင်း၊ လုယက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်အာဏာရှင်လက်အောက်ခံ ပြည်သူ့စစ် ၃ ယောက်ကို စစ်အာဏာရှင် လက်အောက်ခံ ရဲတွေကပဲ ပြန်ဖမ်းဆီးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇွန် ၂၂ ရက် ည ၉ နာရီခန့်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိတဲ့ အောင်မြေသာစံမြို့နယ်မှာ ခရီးသွားတွေကို ယူနီဖောင်းဝတ် ဓားရှည်နဲ့ ခြိမ်းခြောက်ကာ ငွေတောင်းခံနေတာကို ပြည်သူ့စစ်အချင်းချင်း သတင်းပြန်ပေး တိုင်လိုက်တာကြောင့် စစ်အာဏာရှင်ရဲတွေက ပြည်သူ့စစ် ၃ ယောက်အား ပြန်ဖမ်းသွားတာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “အခု အဖမ်းခံရတဲ့ ပြည်သူ့စစ်တွေက နယ်ကျော် လာလုပ်စားတဲ့သူတွေလို့ သိရတယ်။ ဒီဘက်က ပြည်သူ့စစ်တွေက လုယက်မှုတွေ လုပ်ဆောင်နေတာ များလွန်းလာတာကြောင့် အချင်းချင်း သတင်းပေးတိုင်လို့ ပြန်ဖမ်းရတဲ့အထိ ဖြစ်တာ” လို့ ပြောပါတယ်။
အောင်မြေသာစံမြို့နယ်မှာ အဖမ်းခံရတဲ့ စစ်အာဏာရှင် လက်အောက်ခံ ပြည်သူ့စစ် ၃ ယောက်ဟာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) လက်အောက်ခံ ပုသိမ်ကြီးမြို့နယ်က ပြည်သူ့စစ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့အတူ စစ်အသုံးအဆောင် ပစ္စည်းတွေ၊ လုယက် တောင်းယူထားတဲ့ ငွေတွေနဲ့ ဓားရှည်တလက်ကိုပါ ရဲတွေက သိမ်းဆည်းသွားပြီး ပြည်သူ့စစ်ဝတ်စုံကို ချွတ်ကာ အရပ်ဝတ်နဲ့ ပြောင်းလဲခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ပထမအပတ်ကလည်း ပုသိမ်ကြီးမြို့နယ် မြို့အဝင်မှာ ဆိုင်ကယ်တွေကို ရပ်တန့် စစ်ဆေးကာ ဓားထောက် ငွေတောင်းနေတဲ့ ပုသိမ်ကြီးမြို့နယ်က ပြည်သူ့စစ်အဖွဲ့ဝင် မျိုးဇင်ထွန်းနဲ့ နိုင်ဇော်ဦးတို့ ၂ ယောက်ကို စစ်အာဏာရှင် လက်အောက်ခံ ရဲတွေက ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။










