DVB Logo
Home
မြန်မာသတင်း
မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ် မပြေးဆွဲနိုင်သေး
DVB
·
February 6, 2023
မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ် မပြေးဆွဲနိုင်သေး
1 / 5
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာ့မီးရထားဟာ မြန်မာပြည်အထက်ပိုင်း ခရီးစဉ်တွေ ဖြစ်တဲ့ မန္တလေး-ရွှေဘို၊ မန္တလေး-ခင်ဦး၊ မန္တလေး-မြစ်ကြီးနား စတဲ့ ခရီးစဉ်တွေကို ဒီနေ့အထိ မပြေးဆွဲနိုင်တာ ၂ နှစ်ကျော် ရှိနေပါပြီ။

အခုလို မပြေးဆွဲနိုင်တာဟာ မြန်မာပြည်အထက်ပိုင်းမှာ CDM မီးရထားဝန်ထမ်းအင်အား များတာကြောင့်နဲ့ မန္တလေး-စစ်ကိုင်း-မြစ်ကြီးနား လမ်းကြောင်းတလျှောက်ကို စစ်ကောင်စီက နယ်မြေမစိုးမိုးနိုင်တာကြောင့်လို့ CDM မီးရထားအသိုက်အဝိုင်းက ဒီဗွီဘီကို ပြောပါတယ်။

“ဒီဘက်က KIA ဒေသဖြစ်တဲ့အတွက် သူတို့ ရထားပြေးလို့ရရင်တောင် မပြေးရဲဘူးလေ။ နယ်မြေက မတည်ငြိမ်ဘူး။ မတည်ငြိမ်ဘူးဆိုတာ ရှင်းရှင်းပြောရင် သူတို့ စစ်ကောင်စီ အုပ်ချုပ်နေလျက်သားနဲ့ မစိုးမိုးနိုင်တာ။ ကျနော်တို့ ရထားဆိုတာ ဘူတာစဉ်လိုက် အစအဆုံး ခရီးစဉ်တလျှောက်လုံးမှာရှိတဲ့ ဘူတာတွေက အလုပ်လုပ်မှ ရထားက ပြေးလို့ရတာလေ။ ကျန်တဲ့ဌာနတွေနဲ့ မတူဘူး။ ရထားမပြေးဆွဲနိုင်ရတဲ့ အကြောင်းရင်းက အဓိက ကချင်ပြည်နယ်မှာ ရထားဝန်ထမ်းတွေ CDM လုပ်လိုက်တဲ့အတွက် ရထားမပြေးဆွဲနိုင်တာ တကြောင်း၊ နောက်တခါ KIA ဒေသ ဖြစ်တဲ့အတွက် စစ်ကောင်စီအတွက် လုံခြုံမှုမရှိဘူး။ အကြောင်းကြောင်းတွေကြောင့်ပေါ့။ အဓိကကတော့ ကျနော်တို့ CDM လုပ်လိုက်တဲ့အတွက် ရထားက လုံးဝရပ်သွားတာပဲ” လို့ မြန်မာပြည်အထက်ပိုင်းရှိ မြန်မာ့မီးရထား CDM ရုံပိုင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်တွေ မပြေးဆွဲနိုင်တဲ့အတွက် ပြည်သူတွေဟာ ကားလမ်းကနေ အဓိကသွားရပြီး အရပ်သားအစိုးရလက်ထက်မှာ ကားလမ်းတွေ ပြင်ပေးခဲ့တဲ့အတွက် ကားလမ်းက အဆင်ပြေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ပြည်သူတွေဟာ စစ်ကောင်စီတပ်တွေရဲ့ စစ်ဆေး မေးမြန်းတာတွေကြောင့် ခရီးသွားရတာ အထိတ်ထိတ်အလန့်လန့်နဲ့ သွားလာနေကြရပါတယ်။ မန္တလေး-မြစ်ကြီးနား၊ မြစ်ကြီးနား-ရန်ကုန် ကားလိုင်းတွေကတော့ ပုံမှန်အတိုင်း ပြေးဆွဲနေတယ်လို့ ကားလက်မှတ် အရောင်းဌာနတွေဆီက သိရပါတယ်။

မန္တလေးဒေသခံ ကိုဟိန်းကိုကို (အမည်လွှဲ) က “ရထားကို လူတွေမစီးကြဘူးဆိုတာ ကြာချိန်ကြောင့်လည်း ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ သူတို့က JICA နဲ့ ချိတ်ပြီးတော့ ရထားတွေ အဆင့်မြှင့်တင်ဖို့ လုပ်နေတယ်။ အဲဒါပြီးသွားရင် ရထားစီးတဲ့သူ များလာမယ်ပေါ့။ ဒါပေမဲ့ အဲဒီခေတ်ကို မရောက်လိုက်ခင်မှာပဲ ဒါမျိုးဖြစ်သွားတဲ့အတွက် အခုနောက်ပိုင်း ပိုဆိုးသွားတာပေါ့။ အခြေခံလူတန်းစားတွေက ရထားစီးတာများတယ်။ ဘာပဲပြောပြော ဒီရထားမရှိတော့ဘူးဆို ကားနဲ့သွားရတော့မယ်။ ကားခကလည်း သိတဲ့အတိုင်းပဲ အရင်တုန်းက ၉,၀၀၀၊ ၁၀,၀၀၀ ကနေ အခုဆို ကားတခါစီးမယ်ဆို ၂ သောင်းခွဲ၊ ၃ သောင်း၊ ၄ သောင်း အစားစားအပေါ် မူတည်တယ်ဆိုတော့ လူတန်းစား တော်တော်များများကို ထိခိုက်သွားမှာပဲ။ ရထားမထွက်နိုင်တာနဲ့ ပတ်သက်ပြီး ထိရောက်မှုက တနိုင်ငံလုံးအနေနဲ့ ကြည့်မယ်ဆို တော်တော်ကြီးတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

မန္တလေး-မြစ်ကြီးနား ရထားလမ်းခရီးစဉ်အတွင်း စစ်ကိုင်းတိုင်းမှာ ၅၅ ဘူတာ၊ ကချင်ပြည်နယ်မှာ ၂၁ ဘူတာ၊ စုစုပေါင်း ၇၆ ဘူတာ ရှိပါတယ်။ ခရီးစဉ်တွေအနေနဲ့ မန္တလေး-ကောလင်း၊ မန္တလေး-ရွှေဘို၊ မန္တလေး-ခင်ဦး၊ မန္တလေး-နဘား၊ နဘား-မြစ်ကြီးနား၊ မိုးကောင်း-မြစ်ကြီးနား၊ မန္တလေး-မြစ်ကြီးနား စတဲ့ခရီးစဉ်တွေကို အပိုင်းပိုင်းနဲ့ ပြေးဆွဲခဲ့ပါတယ်။

အရင်က မန္တလေး-မြစ်ကြီးနား တိုက်ရိုက်ခရီးစဉ်အနေနဲ့ အသွားအပြန် အစုန်အဆန် ၈ စီး ပြေးဆွဲခဲ့ပြီး ရထားလမ်းပိုင်းတလျှောက် ခရီးသည်ထောင်ချီ နေ့စဉ် လိုက်ပါစီးနင်းခဲ့ပါတယ်။

လက်ရှိအချိန်ထိ မန္တလေး-စစ်ကိုင်း-မြစ်ကြီးနား လမ်းကြောင်းတလျှောက် လူစီး ကုန်တင် ရထားတောင် ပြေးဆွဲနိုင်တာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့နှစ်အတွင်း မီးရထားဘူတာတချို့မှာ စစ်ကောင်စီက CDM တွေနေရာမှာ ဝန်ထမ်းအသစ်တွေ အစားထိုးခန့်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

မြန်မာပြည်အထက်ပိုင်း၊ မြန်မာ့မီးရထား CDM ရုံပိုင်တဦးက “မန္တလေး-စစ်ကိုင်း-မြစ်ကြီးနားက ဆက်စပ်အပိုင်းပေါ့။ ဆက်စပ်အပိုင်းမှာမှ စစ်ကိုင်းတိုင်း အတွင်း တခုတည်း သီးသန့်ပြေးနေတဲ့ ရထားက နဘား-မန္တလေး၊ ကောလင်း၊ ခင်ဦး၊ ခင်ဦး-မုံရွာ၊ မုံရွာ-မန္တလေး အဲဒါတွေအကုန်လုံး ရပ်သွားတာ။ မန္တလေးကနေစပြီး ဒီဘက် အထက်ပိုင်းထိ ဘယ်ခရီးစဉ်မှ မပြေးဘူး။ ပြေးလို့ကို မရတော့တာပေါ့။ မည်သည့်ရထားမှ အကုန် ပြေးဆွဲလို့မရဘူး။ လူစီးရထားတင် မကဘူး၊ ကုန်ရထားလည်း မပြေးဆွဲနိုင်ဘူး။ ဒီစစ်ကောင်စီလက်ထက်မှာတော့ ရထားပြေးဆွဲဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး” လို့ ပြောပါတယ်။

အာဏာသိမ်းမှုမတိုင်ခင် မြန်မာ့မီးရထားဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ လူစီးအမြန်ရထား အစင်း ၄၀၊ စာပို့ရထား ၅၂ စင်း၊ ကုန်တင်ရထား ၄၈ စင်း၊ ခရီးတိုရထား ၁၆ စင်း၊ ခရီးဝေးရထား စုစုပေါင်း ၁၅၆ စင်းနဲ့ ရန်ကုန်မြို့ပတ် ရထားတွေကို တွဲဆိုင်း ၂၁ ဆိုင်းနဲ့ နေ့စဉ် ခေါက်ရေ ၁၆၀ ကျော် ပြေးဆွဲခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာ့မီးရထားဟာ CDM ဝန်ထမ်း အင်အားအများဆုံးနဲ့ အာဏာရှင်ကို တော်လှန်ခဲ့ကြတာဖြစ်ပြီး အာဏာသိမ်းပြီး ၂ နှစ်ကျော် ကြာတဲ့အထိ မီးရထားလုပ်ငန်းကို စစ်ကောင်စီက အောင်အောင်မြင်မြင် မလည်ပတ်နိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013