DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၂ နှစ်အတွင်း မြန်မာ့ ငွေကြေးဖောင်းပွမှုနှုန်း ၃ ဆခန့်မြင့်တက်လာ
DVB
·
February 6, 2023
စစ်အာဏာသိမ်း ၂ နှစ်အတွင်း မြန်မာ့ ငွေကြေးဖောင်းပွမှုနှုန်း ၃ ဆခန့်မြင့်တက်လာ
Donate to DVB

စစ်အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်းမှာ ပြည်တွင်း ငွေကြေးဖောင်းပွမှုနှုန်းက ၂၀ ရာခိုင်နှုန်း နီးပါးရှိလာတဲ့အတွက် အာဏာမသိမ်းမီကာလနဲ့ယှဉ်ရင် သုံးဆနီးပါးမြင့်တက်လာတယ်လို့ စီးပွားရေးသုတေသီတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းမီ ကမ္ဘာ့ဘဏ်ကထုတ်ပြန်ခဲ့တဲ့ မြန်မာ့စီးပွားရေးအပေါ် စောင့်ကြည်လေ့လာတဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မှ ၂၀၁၉ ခုနှစ် ကာလအတွင်းမှာ ငွေကြေးဖောင်းပွမှုနှုန်းက ၆ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။

ဒီ့နောက် ကိုဗစ်မတိုင်မီကာလ ၂၀၂၀ ပြည့်နှစ်မှာတော့ ပြည်တွင်းမှာ လျှပ်စစ်မီတာခနဲ့ စားသောက်ကုန်ဈေးနှုန်းတွေ ကျဆင်းလာတဲ့အတွက် မြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်းက ၅ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ ကမ္ဘာ့ဘဏ် က ဆိုပါတယ်။

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုနဲ့အတူ အခွန်အကောက် ရရှိမှုကလည်း ကျဆင်း လာတာကြောင့် ဒီအခက်အခဲတွေဟာ စစ်ကောင်စီကို အကျပ်အတည်း ရှိလာစေပါတယ်။

ဒါကြောင့်ပဲ လိုအပ်တဲ့ ဘဏ္ဍာငွေကို ဖြည့်ဆည်းဖို့အတွက် စစ်ကောင်စီဟာ ငွေစက္ကူတွေကို ရိုက်ထုတ်လာကာ ပြည်တွင်း ငွေကြေး ဖောင်းပွမှုနှုန်းကို မြင့်မားစေတဲ့ တွန်းအား တရပ် ဖြစ်လာရတယ်လို့ သုတေသီတွေက ထောက်ပြပြောပါတယ်။

မက္ကရိုစီးပွားရေးပညာရှင်တဦးက “NLD လက်ထက်မှာလည်း လိုငွေ ပြခဲ့တာပဲ။ ကိုဗစ်ဖြစ်တော့ ကျန်းမာရေးအတွက် အသုံးစရိတ်က ရှိတော့ သုံးရမှာပဲလေ။ ဒါပေမဲ့ ဒီမိုကရေစီအစိုးရဖြစ်တော့ ကျနော်တို့က ငွေစက္ကူတွေ ရိုက်မထုတ်ဖို့ ပြောကြတော့ မထုတ်ခဲ့ကြဘူး။ လိုတဲ့ငွေ ဘယ်ကရလဲဆိုတော့ အစိုးရရဲ့ ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းပြီး ဖြေရှင်းကြတယ်။ အဲ့တုန်းကတော့ ရောင်းလို့ရတယ်။ စီးပွားရေးက ပုံမှန်လည်ပတ်နေတာ ဆိုတော့ ပြည်သူကလည်း ဝယ်တယ်၊ ဘဏ်တွေကလည်း ဝယ်ကြတယ်။ ဒါပေမဲ့ အခုဟာ ခေတ်က ပြောင်းလဲသွားပြီ။ သူတို့ ထုတ်ရောင်းလည်း ပြည်သူတွေက မဝယ်ကြ သလို ဘဏ်ကလည်း မဝယ်ဘူး။ ငွေတိုက်စာချုပ်တွေကို သူတို့ထုတ်ရောင်းဖို့အတွက် ကြေညာတာ နှစ်ခါ သုံးခါလောက်ရှိတယ်နော်၊ ကျနော်တို့ တွေ့တာ။ ဒါပေမဲ့ မရောင်းရဘူးလေ။ ဒီတော့ မရောင်းရတဲ့အခါ သူတို့မှာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းက ငွေစက္ကူ ရိုက်နှိပ်ထုတ်ဝေတဲ့ နည်းလမ်းပဲ ရှိတော့တယ်။ ဒီတော့ ငွေကြေးဖောင်းပွမှု ပြဿနာက ပိုဆိုးလာတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာပြည်မှာ နဝတ၊ နအဖ စစ်အစိုးရခေတ်တွေတုန်းကလည်း လိုငွေတွေအတွက် ငွေစက္ကူကို ရိုက်နှိပ် ထုတ်ဝေပြီး ဖြေရှင်းခဲ့သလို လက်ရှိ စစ်ကောင်စီကလည်း လိုငွေအတွက် ငွေစက္ကူရိုက်နှိပ်တဲ့ နည်းလမ်းနဲ့သာ ဖြေရှင်းခဲ့တာကြောင့် ပြည်တွင်း ငွေကြေးဖောင်းပွမှုနှုန်းက အာဆီယံဒေသတွင်းနိုင်ငံတွေထဲ ဒုတိယအဆိုးဝါးဆုံး အဆင့်မှာ ရှိနေပါတယ်။

စီးပွားရေးသုတေသီတဦးက “မြန်မာပြည်ရဲ့ ငွေကြေးဖောင်းပွမှုဟာ တည်ငြိမ်နေတဲ့ကာလတုန်းက ၇ နဲ့ ၈ ရာခိုင်နှုန်း လောက်ပဲ ရှိခဲ့တယ်။ အဲ့ဒီ့ကနေ ၂၀ ရာခိုင်နှုန်း ဆိုတော့ တော်တော်လေး များလာတာပေါ့။ သီအိုရီအရ ပြောရရင် ငွေကြေးဖောင်းပွမှုနှုန်းက အနည်းဆုံး ၁၀ ရာခိုင်နှုန်း အောက်မှာသာ ရှိရမယ်။ ဖြစ်နိုင်မယ်ဆိုရင် ၅ ရာခိုင်နှုန်း အောက်သာ ထားရမယ်လို့ စီးပွားရေး ပညာရှင်တွေက ပြောထားတာရှိတယ်။ အခုတော့ ငွေကြေးဖောင်းပွမှု နှုန်းက ၂၀ ရာခိုင်နှုန်း နီးနီးဆိုတော့ တော်တော်လေး ကြောက်စရာ ကောင်းတယ်။ ဒီ ငွေကြေး ဖောင်းပွမှုနှုန်းကို တန့်သွားအောင် လုပ်လို့ရတဲ့ စီးပွားရေး ပေါ်လစီတွေတော့ ရှိတယ်။ ဒါပေမဲ့ ဒီပေါ်လစီတွေကို လက်တွေ့မှာ ဘယ်လောက်အသုံးချနိုင်မလဲ ဆိုတာ ထည့်စဉ်းစားဖို့ လိုတယ်။ ဘာကြောင့်လဲဆို ငွေကြေးဖောင်းပွမှုနှုန်း တက်လာလို့ရှိရင် ထိန်းချုပ်ရ ခက်တယ်။ အဆိုးဆုံးက စားဝတ်နေရေး ကျပ်တည်းလာမယ်။ ပြီးတော့ အကျပ်အတည်း တခု ပေါ်လာပြီဆိုရင် သူက တခုတည်းနဲ့ ရပ်နေတာ မဟုတ်ဘူးနော်။ ကိုဗစ်ကြောင့် ကျန်းမာရေး အကျပ်အတည်း ပြဿနာ ဖြစ်လာတယ်။ အဲ့ဒီ့ကတဆင့် စီးပွားရေး အကျပ်အတည်းကို ဆက်ကူးသွားတယ်။ အခုလည်း မြန်မာပြည်မှာ စီးပွားရေး အကျပ်အတည်း ကနေ နောက်ထပ် အကျပ်အတည်း တခုဆီ ဆက်ကူးဦးမှာ။ ဆိုတော့ ကြောက်စရာ ကောင်းတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ ပြီးခဲ့တဲ့ အစိုးရက သက်တမ်းကာလမှာ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေအပေါ် အားပေးမှု မရှိခဲ့လို့ တိုင်းပြည်စီးပွားရေးဟာ ကျဆင်းခဲ့ရပြီး သူ့လက်ထက်မှာတော့ တိုင်းပြည်စီးပွားရေးဟာ သုံးရာခိုင်နှုန်း တိုးတက်မှု ရှိလာတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ကြိုးပမ်းဆောင်ရွက်မယ် ဆိုပါက လာမည့် ၅ နှစ်အတွင်း အာဆီယံနိုင်ငံတွေထဲမှာ အလယ်အလတ်အဆင့်ကို ရောက်ရှိမှာဖြစ်ပြီး ၁၀ နှစ်အတွင်းမှာဆိုရင် ထိပ်တန်းအဆင့်ထိ ရောက်နိုင်တယ်လို့ ပြောဆိုထားပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ဘဏ်ကတော့ မြန်မာနိုင်ငံမှာ စီးပွားရေး မရေရာမှုတွေ ပဋိပက္ခတွေ နဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတာကြောင့် ကာလတိုအနေနဲ့ စီးပွားရေး ပြန်လည် သက်ဝင်လာဖို့က နှေးကွေးနေဆဲ ရှိနေမဲ့အပြင် ၂၀၂၃ ခုနှစ်အလွန်မှာလည်း မသေချာ မရေရာမှု အခြေအနေတွေက မြင့်တက်နေဦးမယ်လို့ ထောက်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013