
ဗြိတိန်နဲ့ တူရကီတို့ဟာ ၂ နိုင်ငံကြား ပြီးခဲ့တဲ့နှစ်က ချုပ်ဆိုခဲ့တဲ့ စတာလင်ပေါင် ၈ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၇၃ ဘီလီယံ)တန်တဲ့ တိုင်ဖွန်းတိုက်လေယာဉ်ဆိုင်ရာ သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအဖြစ် အဓိက လေ့ကျင့်ရေးနဲ့ ပံ့ပိုးမှုစာချုပ်အသစ်အတွက် ပေါင် ဘီလီယံပေါင်းများစွာတန်တဲ့ သဘောတူညီချက်ကို မတ် ၂၅ ရက်မှာ လက်မှတ်ရေးထိုး ခဲ့ပါတယ်။
တူရကီက ပထမဆုံးအနေနဲ့ ဗြိတိန်က တည်ဆောက်ထားတဲ့ ဂျက်လေယာဉ်တွေကို စီမံခန့်ခွဲဖို့ လှုပ်ရှားနေချိန် စာချုပ်အသစ်ထဲမှာ တူရကီလေယာဉ်မှူးတွေနဲ့ မြေပြင်အဖွဲ့သားတွေအတွက် ယူကေ အခြေစိုက် လေ့ကျင့်ဖို့လည်း အကျုံးဝင်တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် ပြောပါတယ်။
BAE Systems၊ လီယိုနာဒို UK၊ MBDA၊ ရိုးစ်ရွိုက်စ်နဲ့ မာတင်ဘိတ်ကာတို့အပါအဝင် ကာကွယ်ရေး ကုမ္ပဏီတွေက အစိတ်အပိုင်းတွေနဲ့ လေ့ကျင့်ရေးပစ္စည်းတွေကို ထောက်ပံ့ပေးမှာပါ။
ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလီနဲ့ တူရကီကာကွယ်ရေးဝန်ကြီး ယာဆာဂူလာတို့က လန်ဒန် မြို့တော်မှာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဗြိတိန်အစိုးရက တူရကီရဲ့ ယူရိုဖိုက်တာ အစီအစဉ်ထဲ ဝင်ရောက်မှု နောက်တဆင့်ကို အမှတ်အသားပြုခဲ့ပါတယ်။
ဒါဟာ ဥရောပအရှေ့ဘက်ခြမ်းမှာ မြောက်အတ္တလန္တိတ်စစ်ရေးမဟာမိတ်အဖွဲ့ NATO ရဲ့ တိုက်ခိုက်ရေး လေကြောင်းစွမ်းရည်ကို အားဖြည့်ပေးတယ်လို့လည်း ပြောပါတယ်။
Source:Reuters










