DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ရန် အမေရိကန်သမ္မတအိမ်ဖြူတော်ရှေ့တွင် ဆန္ဒပြ
DVB
·
February 5, 2023
စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ရန် အမေရိကန်သမ္မတအိမ်ဖြူတော်ရှေ့တွင် ဆန္ဒပြ
Donate to DVB

မြန်မာပြည်မှာ ပြည်သူလူထုတွေကို နေ့စဉ်သတ်ဖြတ် စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်အစိုးရအနေနဲ့ သတ်မှတ်ပေးဖို့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက ဝါရှင်တန်ဒီစီမြို့တော်၇ှိ သမ္မတအိမ်ဖြူတော်ရှေ့မှာ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ကို ဝင်ငွေအဓိကရှာပေးနေတဲ့ မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE ကို ပိတ်ဆို့အရေးယူဖို့၊ စစ်ကောင်စီရဲ့လေယာဉ်ဆီတင်သွင်းခွင့်ကို ပိတ်ဆို့အရေးယူဖို့ စတဲ့အချက်တွေကိုလည်း အမေရိကန်ရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက တောင်းဆိုခဲ့ကြတာပါ။ 

ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းပြုလုပ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် ကျဆုံးပြည်သူတွေနဲ့ ဖမ်းဆီးခံပြည်သူတွေအတွက် မီးထွန်းဆုတောင်းပွဲမှာ တောင်းဆိုချက်တွေကို သမ္မတဂျိုးဘိုင်ဒင်ဆီကို တက်ကြွလှုပ်ရှားသူတွေက အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီကို အမေရိကန်အစိုးရနဲ့ နိုင်ငံတကာက အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ခြင်းအားဖြင့် သူတို့ရဲ့တရားဝင်ရေး ဆောင်ရွက်ချက်အားလုံးကို အဆုံးသတ်နိုင်မှာဖြစ်ပြီး နိုင်ငံတကာက အရေး ယူဆောင်ရွက်မှုတွေကို တရားဝင်ဆောင်ရွက်လာနိုင်မှာဖြစ်ပါတယ်။ 

Anti Dictatorship in Burma - DC Metro Area အဖွဲ့မှကိုရင်အေးက "သမ္မတဂျိုးဘိုင်ဒင်ဆီကို ကျနော်တို့ အိတ်ဖွင့်ပေးစာတစောင်ပေးပို့ထားပါတယ်။ အဓိကကတော့ တောင်းဆိုချက် ၃ ခု တောင်းထားပါတယ်။ Burma Act မှာပါတဲ့အချက်တွေကို အကောင်အထည်ဖော်ပေးနေတာ ကျေးဇူးတင်တယ်။ အဲ့ဒီအထဲမှာ ၃ ချက်ကို အဓိကတောင်းဆိုထားတယ်။ နံပတ် ၁ က စစ်ကောင်စီဟာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်ပါတယ်ဆိုတာ သတ်မှတ်ပေးဖို့တ တောင်းဆိုထားပါတယ်။ နံပတ် ၂ က မကြာခင်ကမှ MOGE မှာရှိတဲ့ တာဝန်ရှိသူတွေကို Sanction List ထဲမှာ ထည့်ထားလိုက်တယ်။ ဒါပေမဲ့ MOGE ကိုယ်တိုင်ကို Sanction List ထဲမှာ ထည့်ရမယ်ဆိုတာကို တောင်းဆိုတာဖြစ်ပါတယ်။ နံပတ် ၃ ကတော့ Jet Fuel ၊ လေကြောင်းတွေ အသုံးပြုပြီးတော့ ပြည်သူတွေကိုတိုက်ခိုက်တယ်။ အပြစ်မဲ့တဲ့ရွာသားပြည်သူတွေကို ဗုံးကြဲတယ်။ ကလေးပါမချန်ဗုံးကြဲတယ်။ ဒါတွေကိုရပ်တန့်ဖို့ဆိုရင် လေကြောင်းမှာသုံးတဲ့ ဂျက်လေယာဉ်တွေမှာ သုံးတဲ့ ဂျက်လေယာဉ်ဆီတင်သွင်းမှုကို Sanction လုပ်ဖို့ တားမြစ်ဖို့ အဲ့ဒါကို တောင်းဆိုထားတာဖြစ်ပါတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ အာဏာသိမ်းမှု ၂ နှစ်ပြည့်ချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို ချိုးဖောက်ပြီး အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးအစည်းအဝေးခေါ်ယူကာ အာဏာသိမ်း သက်တမ်းကို ၆ လတိုးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တိုင်းနဲ့ပြည်နယ် ၈ ခုရှိ  မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီး အကြမ်းဖက်မှုတွေ အပြင်းအထန်ပြုလုပ်ဖို့ ကမ္ဘာသိကြေညာခဲ့ပါတယ်။ 

အလင်းရောင်လူငယ်များအဖွဲ့မှ ကိုထိုက်က "နောက်ဆုံးထွက်သက်မတိုင်ခင်လေး ယုတ်မာလို့ရသလောက် ယုတ်မာနေတယ်လို့ပဲထင်ပါတယ်ဗျ။ သူတို့လည်း သူတို့အလုပ် လုပ်တယ်ပေါ့။ ကျနော်တို့ ပြည်ပရောက်တွေအနေနဲ့ကလည်း လှုပ်ရှားလို့ရနိုင်တဲ့လှုပ်ရှားမှုတွေ၊ ပြီးလို့ရှိရင် ထောက်ပံ့ပေးနိုင်တဲ့ထောက်ပံ့မှုတွေ၊ ဒါတွေကို ကျနော်တို့တွေက အရှိန်အဟုန်ပြင်းပြင်းနဲ့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တဲ့အတွက် အခုမီးထွန်း ဆုတောင်းတာဟာလည်း ကျနော်တို့အလုပ်တာဝန်တွေထဲက တစ်ခုဖြစ်တဲ့အတွက် လာရောက် ဆန္ဒထုတ်ဖော်ကြတာဖြစ်ပါတယ်"လို့ ပြောပါတယ်။

မြန်မာ့အရေးမီးထွန်းဆုတောင်းပွဲမှာ အမေရိကန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တွေက ကိုယ်စားလှယ်တွေလည်း ပူးပေါင်းပါဝင်ခဲ့ပြီး အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေ အကြမ်းဖက်သတ်ဖြတ်ခံနေရတာတွေကို ဂရုစိုက် အရေးယူ ကူညီပေးဖို့ တိုက်တွန်းပါတယ်။

Earth Rights International ရဲ့ ဒါရိုက်တာ Keith Slackက "ကျနော်တို့ဒီနေ့ အိမ်ဖြူတော်ရှေ့ကိုလာတာဟာ သမ္မတဂျိုးဘိုင်ဒန်ကို မြန်မာပြည်ကို သတိရပေးဖို့၊ မြန်မာပြည်သူတွေ ခံစားနေရတာတွေ၊ သေဆုံးနေရတာတွေ၊ အကြမ်းဖက်ခံနေရတာတွေကို မမေ့ဖို့အတွက် သတင်းစကားပေးဖို့ပါ။ စစ်အာဏာသိမ်းတာ ၂ နှစ်ရှိပြီ၊ ချက်ချင်းအရေးယူ ဆောင်ရွက်တာတွေပြုလုပ်ပေးဖို့၊ မြန်မာပြည်သူတွေခံစားနေရတဲ့ဒုက္ခတွေကနေ လျှော့ချနိုင်ဖို့ စစ်ကောင်စီရဲ့အဓိက ဝင်ငွေရလမ်းဖြစ်တဲ့ MOGE ကို အရေးယူပိတ်ဆို့ပေးဖို့ သတင်းစကားလာ ပေးတာဖြစ်ပါတယ်"လို့ ပြောပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဏာသိမ်းစကာလတွေမှာ နိုင်ငံတကာအစိုးရတွေရဲ့ လှုပ်ရှားမှုတွေဟာ နှေးကွေးခဲ့ပေမယ့် ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာတော့ မြင်သာတဲ့ဆောင်ရွက် ချက်တွေရှိ လာတာကိုတွေ့ရပါတယ်။ 

မြန်မာ့အရေးနဲ့ဆက်စပ်နေတဲ့ အချက်အလက်တွေ၊ အကူအညီပေးရေးကိစ္စရပ်တွေအ များအပြားပါဝင်တဲ့  ဘားမားအက်တစ်ခုလုံးကို အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေမူကြမ်း NDAAထဲမှာ ထည့်သွင်းပြီး  ဥပဒေအဖြစ် ဒီဇင်ဘာ ၂၃ရက်နေ့မှာ သမ္မတဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ 

မြန်မာ့အရေးအတွက် အမေရိကန်ဒေါ်လာ ၁၃၆ သန်းထက်မနည်း အကူအညီပေးမယ့် အချက်ပါဝင်တဲ့ အမေရိကန်အစိုးရဘဏ္ဍာငွေခွဲငွေသုံးစွဲမှုဥပဒေကိုလည်း ဒီဇင်ဘာ ၂၉ရက်နေ့မှာ သမ္မတဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးအတည်ပြုထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013