DVB Logo
Home
မြန်မာသတင်း
စီးသူနည်းသဖြင့် မီးရထားခရီးစဉ်များ စစ်ကောင်စီ အရှုံးခံ ပြေးဆွဲ
DVB
·
February 4, 2023
စီးသူနည်းသဖြင့် မီးရထားခရီးစဉ်များ စစ်ကောင်စီ အရှုံးခံ ပြေးဆွဲ
Donate to DVB

စစ်တပ် အာဏာသိမ်းပြီးကတည်းက တနိုင်ငံလုံး CDM ဝန်ထမ်းအင်အား အများဆုံးနဲ့ သပိတ်မှောက်ခံရတဲ့ မြန်မာ့မီးရထားဟာ လက်ရှိအချိန်ထိ ဝန်ထမ်း အင်အား မရှိတာ၊ စီးနင်းသူ နည်းပါးတာကြောင့် ခရီးစဉ်တွေ ပုံမှန် မပြေးဆွဲနိုင်ဘဲ အရှုံးခံ ပြေးဆွဲနေရပါတယ်။

ကိုဗစ်ကာလ မတိုင်ခင် ရန်ကုန်မှာ မြို့ပတ်ရထားစီးတဲ့ ခရီးသည်အရေအတွက် တရက်ကို ၈ ထောင် ကနေ ၁ သောင်းအထိ ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ တရက်ကို ခရီးသည် ရာဂဏန်းကနေ ထောင်ဂဏန်း ဝန်းကျင်သာ ရှိနေပြီး ခရီးစဉ်တွေကိုလည်း ပုံမှန်ထက် ခေါက်ရေလျှော့ အရှုံးခံ ပြေးဆွဲနေရတယ်လို့ CDM မီးရထား အသိုင်းအဝိုင်းက ပြောပါတယ်။

"အခု လက်ရှိ မီးရထားတွေ ပြေးဆွဲနေတာ မအောင်မြင်တာပေါ့ဗျာ။ မအောင်မြင်တာနဲ့ တပ်ပျက်ပြီးတော့ သူတို့ အခု ပြေးနေတာ အရှုံးခံပြီး ပြေးနေတာ။ မရှုံးဘူး မဟုတ်ဘူး ရှုံးတယ်။ ကုန်ရထားမှာပဲ သူတို့ အမြတ်သွားယူလို့ရမှာ။ ခရီးသည်အနေနဲ့ သူတို့ ရှုံးတယ်။ စစ်ကောင်စီကတော့ ရှုံးပေမယ့်လည်း အစကတည်းက စစ်တပ်ဆိုတော့ ဘူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲ လိုချင်တယ်"လို့ CDM လုပ်ထားတဲ့ မြန်မာ့မီးရထား ရုံပိုင်ဟောင်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ မြန်မာ့မီးရထား ဝန်ထမ်းတွေ အစောဆုံး ပါဝင်ခဲ့ကြပြီး၊ တနိုင်ငံလုံးမှာရှိတဲ့ တွဲရုံ၊ စက်ခေါင်း စက်ရုံ၊ မြို့ပတ်ရုံ စတဲ့ ဌာနအသီးသီးက ဝန်ထမ်းအင်အား ၂ သောင်းကျော်မှာ ၁၂၀၀၀ နီးပါးက CDM လုပ်ခဲ့ကြတာပါ။

ဘူတာရုံတွေမှာ ဝန်ထမ်းအင်အား အရင်ထက် ပိုနည်းပါးနေပြီး၊ အရင်က ဝန်ထမ်း အင်အား ၆ ယောက်ရှိရင် အခု ၂ ယောက်လောက်နဲ့သာ လည်ပတ်နေရပါတယ်။ အချို့ ဘူတာရုံတွေဆို ဝန်ထမ်း မရှိတာကြောင့် အပြီး ပိတ်ထားရတယ်လို့ CDM မီးရထား အသိုင်းအဝိုင်းဆီက သိရပါတယ်။

"ဝန်ထမ်း မလောက်တဲ့အခါကျတော့ အချို့ ဘူတာတွေဆို ပိတ်ထားတာ ရှိတယ်။ အများအမြင်မှာ ရထား ပြေးလို့ဖြစ်တယ်ဆိုတဲ့ ပုံစံလောက်ပဲ လုပ်နေကြတယ်။ အဲဒါကို တကယ်တမ်း Non-CDM သမားတွေလည်း သိတယ်။ အဲဒါကို စစ်တပ်က လက်နက်အားကိုးနဲ့ ခြိမ်းခြောက်ထားတဲ့အတွက် ကြောက်လို့ လုပ်နေရတယ်"လို့ မြန်မာ့မီးရထား ရုံပိုင်ဟောင်းတဦး (CDM) က ပြောပါတယ်။

အရပ်သား အစိုးရလက်ထက်မှာ မြို့ပတ်ရထားစီးခဟာ ရိုးရိုးတန်း ၁၀၀ ကျပ်၊ အထူးတန်း ၂၀၀ ကျပ်သာ ရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ မြို့ပတ်ရထားခတွေဟာ ၂၀၀ ကျပ်ကနေ ၃၀၀ ကျပ်အထိ ရှိနေပါတယ်။

ဒါ့အပြင် ရထားထွက်ချိန် မတိကျတာ၊ ခေါက်ရေ နည်းပါးတာနဲ့ တခါတရံ ရထားပေါ် စစ်ဆေးမှုတွေ ရှိတတ်တာကြောင့် ပုံမှန် မြို့ပတ်ရထား စီးနေကျ ခရီးသည်တွေဟာ အခြား အများပြည်သူသုံး ယာဉ်တွေကို ပြောင်းစီးလာကြတာပါ။  ရထားဘူတာ မသွားမဖြစ် သွားရမယ့် ပြည်သူအချို့၊ ခေါင်းရွက် ဗျင်ထိုး စျေးသည်တွေနဲ့ သာမန် လက်လုပ်လက်စား တချို့ဘဲ  မြို့ပတ်ရထားစီးဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

"ရထားပုံမှန် မထွက်ရင် အခက်အခဲဖြစ်တာပေါ့။ တခါတလေ ရထားပျောက်သွားတယ်၊ ပြတ်တောက်သွားတယ်ဆိုရင် အလုပ်က တက်ရတော့မယ် ရထား မလာဘူးဆို အလုပ်ချိန် နောက်ကျတာ ဖြစ်တယ်။ တခါတလေ အင်တာဗျူး ချိန်းထားလို့ အချိန်မမီရင် ကားနဲ့ ပြေးရတာပေါ့။ ကားနဲ့ ပြေးရင် ပိုနောက်ကျတာပေါ့။ အချိန်ကတော့ အပြောင်းလဲရှိတယ်။ အရင်လို ကိုဗစ် မတိုင်ခင်ကလို အချိန်စာရင်းတော့ မဟုတ်တော့ဘူး။ စီးတဲ့သူတွေတော့ ရှိတယ်" လို့ ရန်ကုန်မြို့မှ ခရီးသွားပြည်သူ မလဲ့လဲ့ (အမည်လွှဲ) က ပြောပါတယ်။

ကိုဗစ်ကာလ မတိုင်ခင် တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ လူစီးအမြန်ရထား အစင်း ၄၀၊ စာပို့ရထား ၅၂ စင်း၊ ကုန်တင်ရထား ၄၈ စင်း၊ ခရီးတို ရထား ၁၆ စင်း၊ ခရီးဝေး ရထား စုစုပေါင်း ၁၅၆ စင်းနဲ့ မြို့ပတ် ဆင်ခြေဖုံး ရထားတွေကို တွဲဆိုင်း ၂၁ ဆိုင်းနဲ့ နေ့စဉ်ခေါက်ရေ ၁၆၀ ကျော် ပြေးဆွဲခဲ့ပါတယ်။

စစ်တပ် အာဏာမသိမ်းခင် ရန်ကုန် မြို့ပတ်ရထားစီး ခရီးသည် တရက်ကို လူဦးရေ ၆ သောင်းကျော် ရှိခဲ့ပြီး၊ လက်ရှိမှာတော့ နေ့စဉ် မြို့ပတ်ရထားစီး ခရီးသည် ရာဂဏန်းကနေ ထောင်ဂဏန်း ဝန်းကျင်သာ ရှိပါတော့တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013