
ယီမင်နိုင်ငံအပေါ် ပိတ်ဆို့ထားတာတွေကို မရုပ်သိမ်းသမျှ ဆော်ဒီရဲ့ စီးပွားရေးနဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်တိုက်ခိုက်သွားမယ်လို့ ဟူသီထိပ်ပိုင်းအရာရှိတယောက်က ပြောပါတယ်။
ဟူသီအဖွဲ့အပေါ် ဝါရှင်တန်က စစ်ရေးအရ လှုပ်ရှားလာရင် အရှေ့အလယ်ပိုင်းရှိ အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို လက်တုံ့ပြန်သွားမယ်လို့လည်း သတိပေးခဲ့ပါတယ်။
ဒေသတွင်း တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ယီမင် ဟူသီ ထိန်းချုပ်ထားတဲ့ ထိပ်သီးနိုင်ငံရေးကောင်စီရဲ့ အကြံပေးပုဂ္ဂိုလ် မိုဟာမက် တာဟာ အာနမ်က တရုတ်သတင်းဌာန (CGTN) နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာပါ။
စနေနေ့မှာ ပင်လယ်နီထဲရှိ ဆော်ဒီနဲ့ ဆက်စပ်နေတဲ့ သင်္ဘောတွေကို ဟူသီတွေ တိုက်ခိုက်ခဲ့ပြီးနောက် ယီမင်မြောက်ပိုင်းက ဟူသီစစ်စခန်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ယီမင်နိုင်ငံပိုင် ရုပ်မြင်သံကြားက ဖော်ပြခဲ့ပြီးနောက်မှာ ဒီမှတ်ချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် စနေနေ့မှာပဲ ပင်လယ်နီ ပြည်နယ်တခုဖြစ်တဲ့ ဟိုဒေးဒါက ဟူသီထိန်းချုပ်ဒေသတွေကို မဟာမိတ်တပ်တွေဟာ ညဘက် လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ ဂျီဇန်နဲ့ ယန်ဘူ ဒေသတွေမှာရှိတဲ့ ဆော်ဒီစွမ်းအင်ဆိုင်ရာ စက်ရုံတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပူးတွဲတိုက်ခိုက်ခဲ့တယ်လို့ ဟူသီအဖွဲ့က ပြောပါတယ်။
ယီမင်အပေါ် ပိတ်ဆို့ထားတာနဲ့ ပတ်သက်လို့ တောင်းဆိုချက်တွေ မရမချင်း ဒီလှုပ်ရှားမှုကို ဆက်လုပ်သွားမယ်လို့ သူက ပြောသလို ပင်လယ်နီကို ဖြတ်သန်းသွားလာနေတဲ့ နိုင်ငံတကာ သင်္ဘောသွားလာရေးကို အနှောင့်အယှက်ပေးဖို့ အစီအစဉ်မရှိဘူးလို့လည်း ထပ်လောင်း ပြောပါတယ်။
Source: Reuters










