DVB Logo
Home
မြန်မာသတင်း
မတ္တရာ၊ ထီးချိုင့်နှင့် စစ်ကိုင်းတို့တွင် စစ်ကောင်စီကားများ တိုက်ခိုက်ခံရ
DVB
·
February 3, 2023
မတ္တရာ၊ ထီးချိုင့်နှင့် စစ်ကိုင်းတို့တွင် စစ်ကောင်စီကားများ တိုက်ခိုက်ခံရ
1 / 4
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပို‌ဝတောင်ရွာမှာ မတ္တရာကနေလာတဲ့ စစ်ကားနှစ်စီးကို ဖေဖော်ဝါရီ ၂ ရက်က ဒရုန်းနဲ့ သုံးကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ABRF Madaya ထံက သိရပါတယ်။

စစ်အုပ်စုဟာ သုံးဆယ်ပေး၊ သဖန်းဒေါင့်၊ ရှင်လှတောင်ရွာကြီး၊ ဟင်္သာရွာသစ် စတဲ့ မြစ်‌ကမ်းဘေးရွာတွေမှာ စခန်းချထားသလို မြစ်ကြောင်းတလျှောက် လှည့်လည်သွားလာပြီး မဲစာရင်းကောက်ယူတာ၊ စစ်ကြောင်းထိုးနေတာတွေကြောင့် ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်မှုတွေကို တောက်လျှောက်ပြုလုပ်နေကြပါတယ်။

ABRF Madaya ရဲ့ တာဝန်ခံက “ဒီနေ့ဆိုလို့ရှိရင် မတ္တရာကနေ ဆင်းလာတာ၊ နေ့လယ်ပိုင်း ၁၂ ခွဲလောက်ကနေပြီးတော့ ဖောကားနှစ်စီးနဲ့၊ ဒေသခံပြည်သူတွေပြောတာတော့ လက်ပတ်နီတွေ ပါတယ်လို့ ပြောတယ်ပေါ့ဗျာ။ လက်ပတ်နီတွေပါတယ်ဆိုရင် ကျနော်တို့ ပြည်သူအတော်များများ သိထားကြတာက သူတို့က နည်းနည်း ကြမ်းတမ်းတယ်ပေါ့။ တွေ့ရာမြင်ရာကို အကုန်ပစ်တယ် ပြုတယ်ဆိုတဲ့ ဟာမျိုးနဲ့ သိထားတာဆိုတဲ့ခါကျတော့ ကျနော်တို့က အဲ့ဒီစစ်ကြောင်းကိုပဲ အဓိကဦးစားပေးပြီးတော့ တိုက်ခိုက်လိုက်တာ။ လက်ဦးမှု ရယူပြီးတော့ တိုက်ခိုက်လိုက်တယ်” လို့ ပြောပါတယ်။

အဆိုပါစစ်ကြောင်းကို ပိုဝရွာထိပ်မှာ တကြိမ်၊ ရွာတွင်းမှာ နှစ်ကြိမ် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ပြည်သူတွေ ထိခိုက်မှာစိုးလို့ ဂရုစိုက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒရုန်းသုံးစီးနဲ့ ဗုံးသီးကိုးလုံးချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးလောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိမှု များပြားနိုင်တယ်လို့ သိရပါတယ်။

သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို မတ္တရာကနေ လူနာတင်ကားနဲ့ လာရောက် သယ်ယူသွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ABRF Madaya၊ ကောင်းကင်တော်လှန်ရေးအင်အားစု၊ ဧရာဝတီ ပျံလွှားအဖွဲ့၊ Unicon Guerrilla Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဟာ ည ၁၀ နာရီကျော်မှာ စခန်းချထားတဲ့ တောပုကျေးရွာကနေ ဧရာဝတီမြစ်လယ်မှာရှိတဲ့ သောင်ခုံကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မြတောင်လမ်းဆုံက စစ်ကောင်စီတပ်စခန်း ဖေဖော်ဝါရီ ၂ ရက် မနက် ၈ နာရီလောက်မှာ တိုက်ခိုက်ခံခဲ့ရပြီး စစ်ကူလာတဲ့ တကောင်းမြို့က စစ်သားတွေ မိုင်းနှစ်ကြိမ်ဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၂၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တကောင်းမြို့နယ် ပကဖ သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

ထီးချိုင့်မြို့နယ် မြတောင်လမ်းဆုံက အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ဆေးရေးစခန်းကို ကသာခရိုင် တပ်ရင်း-၃ နဲ့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်ခံထားရပြီး အထိနာထားတဲ့ စစ်ဆေးရေးစခန်းကို စစ်ကူသွားတဲ့ တကောင်းမြို့က စစ်ကားနှစ်စီးကို ပထမအကြိမ်အနေနဲ့ ကျွဲကူးကန်မှာတကြိမ်၊ တောင်တလုံးနဲ့ အင်ပျံကြားမှာ တကြိမ်၊ စုစုပေါင်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တကောင်းမြို့နယ် ပကဖ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

“သူတို့ စစ်ကူသွားမယ်ဆိုတာ သတင်းရလို့ ကျွဲကူးကန်မှာ တကြိမ် မိုင်းဆင်ဆွဲတာ။ ကားကို မထိလိုက်တော့ ကားက ဆက်သွားတယ်။ ကျည်တွေတော့ စစ်သားတွေကိုထိပြီး ငါးယောက်လောက် ဒဏ်ရာရတယ်။ နောက်တနေရာ ထပ်ဆွဲတော့ သူတို့ကားက လမ်းပေါ်မှာ လည်သွားတယ်။ ကားလည်းရပ်သွားတယ်။ အဲ့ကားပေါ်ပါတဲ့သူတွေ အကုန်ဒဏ်ရာရတယ်။”

ထိခိုက်ဒဏ်ရာရတဲ့ စစ်သားတွေကို ထီးချိုင့်မြို့နယ်ဆေးရုံကို တခြားကားတစီးနဲ့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

သဖန်းချောင်းတံတားအနီး ငှက်ပျောတောမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သား ၁၅ ​ယော​က် ဝန်းကျင်ကိုလည်း ဖေဖော်ဝါရီ ၂ ရက် နေ့လယ် ၃ နာရီလောက်က သပိတ်ကျင်းမြို့နယ် (ပကဖ) TBK တောဆင်းရိုင်းပြောက်ကျားတပ်ဖွဲ့နဲ့ တကောင်း(ပကဖ) တို့  ပူးပေါင်းကာ ဒရုန်းနဲ့ ဗုံးသီးတလုံး ကြဲချကာ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိတယ်လို့ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်မျက်ပြူးက ပြောပါတယ်။

စစ်ကိုင်းမြို့နယ်၊ ရွာမကျေးရွာနဲ့ နတ်ခရိုင်‌ေကျးရွာကြားမှာလည်း မနေ့ ဖေဖော်ဝါရီ ၂ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီကားတစီး မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါစစ်ကောင်စီကားဟာ စစ်ကိုင်း-ကံတလူ တိုးဂိတ်ကနေ ဆက်ကြေးတောင်းပြီး နုံးတွင်းရွာ စစ်တပ်ကို ပြန်လာစဉ် အခုလို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်းမှူး ကိုသက်ကြီးက “ကံတလူတိုးဂိတ်ကနေ ပြန်လာတဲ့ စစ်(--)ကားကို ကျနော်တို့ ပဒေသာမိုင်း ၅ လုံးဆွဲ တိုက်ခိုက်ခဲ့တာ ဟုတ်တယ်ဗျ။ ပထမက တွဲကားနောက်ကနေ ကပ်လိုက်လာတယ်။ ကျနော်တို့ တွဲကားကို မထိခိုက်ဘဲ စစ်(--) ဖိုးဝှီးကားတစီးကို ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့တယ်။ ၃ ပွင့်ဗိုလ်တဦးနဲ့ တပ်သား ၄ ဦး နေရာတင်သေတယ်လို့ သိထားရတယ်။ သုံးပွင့်ဗိုလ်က မန္တလေး ပြည်ကြီးတံခွန်ရဲစခန်းအနီးကလူလို့ သိထားရတယ်။ အရပ်ရှည်ရှည်၊ အသားဖြူဖြူပါ။ ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ နေ့လယ် ၂ နာရီမှာ သင်္ဂြိုဟ်ဖို့ အလောင်းကို နုံးတွင်း သံချပ်ကာစစ်တပ်ကနေ ပြန်သယ်သွားပြီလို့ ဖရဲသီးပြောပြချက်အရ သိထားရတယ်” လို့ ပြောပါတယ်။

အခင်းဖြစ်ပွားပြီး သေဆုံးထိခိုက်တဲ့သူတွေကို နုံးတွင်းစစ်တပ်က ကားတစီးနဲ့ လာရောက်သယ်ဆောင်ပြီး မိုင်းမိတဲ့ကားကိုလည်း ‌နုံးတွင်းစစ်တပ်အတွင်း သယ်ဆောင်သွားတယ်လို့ မျက်မြင်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က နယ်မြေစိုးမိုးနိုင်မှု များနေတာကြောင့် စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁ ရက် ည ၈ နာရီက စစ်အုပ်ချုပ်ရေးကြောညာကာ အုပ်ချုပ်သွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့အသံ သတင်းကနေ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013