DVB Logo
Home
မြန်မာသတင်း
နိုင်ငံခေါင်းဆောင် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ချက်ချင်းပြန်လွှတ်ပေးရန် အမေရိကန်အထက်လွှတ်တော်အမတ်များ တောင်းဆို
DVB
·
February 3, 2023
နိုင်ငံခေါင်းဆောင် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ချက်ချင်းပြန်လွှတ်ပေးရန် အမေရိကန်အထက်လွှတ်တော်အမတ်များ တောင်းဆို
Donate to DVB

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ မြန်မာအာဏာသိမ်းစစ်ကောင်စီကို အမေရိကန်အထက်လွှတ်တော်အမတ်တွေက ဝိုင်းဝန်းတောင်းဆိုလိုက်ပါတယ်။

အမေရိကန်လွှတ်တော်အမတ်တွေဖြစ်တဲ့ ဘော့မနန်ဒက်ဇ် (ဒီမိုကရက်တစ်၊ နယူးဂျာစီ)၊  အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီရဲ့ ဥက္ကဋ္ဌလည်းဖြစ် အကြီးတန်းအဖွဲ့ဝင်လည်းဖြစ်တဲ့ ဂျင်မ်ရစ်ရှ် (ရီပတ်ဘလစ်ကန်၊ အီဒဟို)၊ ဘန်ကာဒင် (ဒီမိုကရက်တစ်၊ မေရီလန်း)၊ တော့ဒ်ယန်း (ရီပတ်ဘလစ်ကန်၊ အင်ဒီယားနား) တို့က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်တာနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အစိုးရကို စစ်တပ်က ဖယ်ရှားပြီး ရက်စက်ကြမ်းကြုတ်စွာ အာဏာသိမ်းခဲ့တာ ၂ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။ သူတို့ရဲ့ ပြင်းထန်စွာ နှိပ်ကွပ်ဖြိုခွင်းမှုတွေကြောင့် အသက်ရှုံးခဲ့ရသူတွေကိုလည်း ကျနော်တို့ သတိရနေဆဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ကျနော်တို့က မြန်မာစစ်တပ်ရဲ့ ဆယ်စုနှစ်နဲ့ချီပြီး လူနည်းစု ရိုဟင်ဂျာတွေအပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို သေဒဏ်ပေး သတ်ဖြတ်မှုတွေ အပါအဝင် အညှာတာမဲ့ သတ်ဖြတ်မှုတွေ၊ မြန်မာနိုင်ငံသားတွေအပေါ် နှိပ်စက်ညှဉ်းပန်းတာတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ကြောင်း ထပ်ပြီးတော့ ပြောလိုပါတယ်။ ထို့အတူ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ တညီတညာတည်း ဝိုင်းဝန်းတောင်းဆိုလိုက်ပါတယ်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်တာအကြာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း ပြည်သူ ၂,၉၅၀ နီးပါး သေဆုံးခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၇,၅၉၈ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ ထောင်ဒဏ်စုစုပေါင်းဟာ အလုပ်ကြမ်း ၃ နှစ် အပါအဝင် ထောင်ဒဏ် ၃၃ နှစ်ရှိပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ချမှတ်ထားတဲ့ ထောင်ဒဏ်ကတော့ စုစုပေါင်း ၁၂ နှစ် ရှိပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ အာဏာစသိမ်းခါစက ၁ နှစ်အတွင်း ရွေးကောက်ပွဲအသစ် ကျင်းပမယ်လို့ ပြောခဲ့ပေမဲ့ အခု အာဏာသိမ်း ၂ နှစ်ကြာချိန်အထိ ရွေးကောက်ပွဲအသစ် ကျင်းပနိုင်ခြင်း မရှိသေးဘဲ နောက်ထပ် အာဏာသက်တမ်း ၆ လထပ်တိုးထားကာ ရွေးကောက်ပွဲ ကျင်းပမယ်လို့လည်း ထပ်မံပြောဆို ပြင်ဆင်မှုတွေ လုပ်နေပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်အထက်လွှတ်တော်အမတ်တွေက “မြန်မာစစ်တပ်က ဒီနှစ်ထဲမှာ အယောင်ဆောင်ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေပေမဲ့ ဒီလုပ်ရပ်ကြောင့် မြန်မာနိုင်ငံသားတွေရဲ့ အမြင်မှာရော နိုင်ငံတကာရဲ့ အမြင်မှာပါ မြန်မာစစ်တပ်ဟာ တရားဝင်အစိုးရ ဖြစ်လာမှာမဟုတ်ပါဘူး။ မြန်မာစစ်တပ်ကို ဘုံသဘောတူညီချက် ၅ ချက်အတိုင်း လိုက်နာစေဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုနဲ့ အာဏာသိမ်းခေါင်းဆောင်တွေကို တရားဝင်အစိုးရအဖြစ် လက်မခံရေးအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆောင်ရွက်ချက်တွေကို ကြည့်ရင်လည်း ဒီအချက်က ထင်ရှားပါတယ်။” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဒါ့အပြင် အမေရိကန်ကွန်ဂရက်လွှတ်တော်ကနေလည်း မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာ အကူအညီတွေ ပေးရေးနဲ့ တရားမဝင် အာဏာရှင်တွေအပေါ် နိုင်ငံရေးနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ဆောင်ရွက်နိုင်ဖို့ ဘားမားအက်ကို အတည်ပြုပေးခဲ့ကြောင်း အဲဒီသဘောထားတွေအတိုင်း မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူခြင်းဖြင့် ဒီမိုကရေစီပြန်လည်ရရှိရေး ကြိုးပမ်းနေကြတဲ့ မြန်မာနိုင်ငံသားတွေဘက်က ရပ်တည်ကြောင်း၊ လူ့အခွင့်အရေးနဲ့ အရပ်သားအစိုးရအုပ်ချုပ်မှုကို လေးစားထောက်ခံကြောင်းလည်း အမေရိကန်အမတ်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်တဲ့ ဇန်နဝါရီ ၃၁ ရက်မှာပဲ အမေရိကန်အစိုးရက စစ်ကောင်စီဩဇာခံ ရွေးကောက်ပွဲကော်မရှင် အပါအဝင် အဖွဲ့အစည်း ၃ ဖွဲ့နဲ့ လူပုဂ္ဂိုလ် ၆ ယောက်တို့ကို ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013