DVB Logo
Home
မြန်မာသတင်း
ကော့သောင်းတွင် စစ်ကားနှင့် ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရ၊ ကျွန်းစု၌ ဒေသခံများအား စစ်တပ်က ခြိမ်းခြောက်ငွေညှစ်
DVB
·
February 2, 2023
ကော့သောင်းတွင် စစ်ကားနှင့် ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရ၊ ကျွန်းစု၌ ဒေသခံများအား စစ်တပ်က ခြိမ်းခြောက်ငွေညှစ်
Donate to DVB

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ဟန်ကပြုကျေးရွာအနီး အာရှလမ်းမပေါ်မှာ ဇန်နဝါရီ ၃၁ ရက် ညနေ ၅ နာရီခွဲက ဘုတ်ပြင်းမြို့မှာ လစာနဲ့ရိက္ခာထုတ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ရင်း ၅၅၅ ယာဉ်ကို ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်း ၅ လုံးနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ ၁၅ မိနစ်လောက်ကြာပြီး စစ်ကောင်စီဘက်က တပ်ရင်းဗိုလ်ကြီးတဦးနဲ့ တပ်သားတဦး သေဆုံးကာ တပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒေသခံတဦးက “မနေ့က စစ်ကောင်စီကား မိုင်းဆွဲခံရတယ်။ စစ်ကောင်စီဘက်က အထိအခိုက်တော့ ရှိတယ်။ ကျနော်တို့လည်း PDF ရဲ့ လုပ်ရပ်တွေကို အားပေးတာပေါ့” လို့ ပြောပါတယ်။

အခုလို မိုင်းဆွဲတိုက်ခိုက်ရာမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက် မရှိဘူးလို့လည်း သိရပါတယ်။

ဘုတ်ပြင်းမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီယာဉ်တန်းတွေနောက် ကပ်မလိုက်ဖို့နဲ့ စစ်ကောင်စီတပ်သားတွေဝင်လာရင် ဘေးလွတ်ရာနေဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မာရမ်းကျေးရွာမှာလည်း ဖေဖော်ဝါရီ ၁ ရက် မနက် ၆ နာရီလောက်က ပျူစောထီးအဖွဲ့ ဒုတိယခေါင်းဆောင် နေအိမ်မှာရှိနေစဥ် သွားရောက် ပစ်ခတ်ခဲ့ပြီး သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အသက် ၅၀ ခန့်ရှိတဲ့ ပျူစောထီးအဖွဲ့ ဒုခေါင်းဆောင်ဆိုသူ ဦးဆန်းတင်ဟာ ပစ်ခတ်ခံရတဲ့ နေရာမှာပဲ သေဆုံးသွားပြီး သူ့ထံကနေ M16 A1 အမျိုးအစား သေနတ် ၂ လက်၊ ကျည်ဆန် ၂၈ တောင့်နဲ့ ဓားမြောင် ၃ လက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

ဦးဆန်းတင်ဟာ လက်နက်ကိုင်ဆောင်ထားတဲ့ ပျူစောထီးခေါင်းဆောင်တဦး ဖြစ်ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ပြန်လည်ခုခံ ပစ်ခတ်တာတော့ မရှိခဲ့ဘူးလို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီနေ့ ​မနက် ၁၁ နာရီခွဲလောက်မှာတော့ ခမောက်ကြီးမြို့ဘက်ကနေ မိုင် ၃၀ လောက် ဝေးတဲ့ မာရမ်းကျေးရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ လောက်က စစ်ကား ၂ စီးနဲ့ ထွက်လာစဥ် ဆိပ်ဖူးကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှု ရှိတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၅ ရက်ကလည်း ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်တာခံခဲ့ရပြီး ဆေးရုံတင်ပို့ခဲ့ရပါသေးတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာအနီးရှိ သဘာ၀ ဂျင်းကုန်းမှာ ဂျင်းခရုလာကောက်တဲ့ ဒေသခံ ရေလုပ်သားတွေကို စစ်ကောင်စီ တပ်သားတွေက လက်နက်ပြ ခြိမ်းခြောက်ပြီး ဒေသခံစက်လှေ ၁ စီး ငွေကျပ် ၅ဝ,ဝဝဝ ကောက်ယူနေတယ်လို့ ဒေသခံ ရေလုပ်သားတွေဆီက သိရပါတယ်။

လက်ရှိမှာ ကျွန်းစုမြို့ ရေကန်တောင်ကျေးရွာမှာရှိတဲ့ သဘာဝ ဂျင်းကုန်းတွေမှာ အခုလာမယ့် ဖေဖော်ဝါရီ ၃ ရက်ကစပြီး ဘယ်ကျေးရွာကမဆို လာရောက်ကောက်ယူမယ့် ဒေသခံ ရေလုပ်သားတွေအနေနဲ့ လှေတစီးကို ငွေကျပ် ၅၀,၀၀၀ ပေးနိုင်မှ ကောက်ယူခွင့်ပြုမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားကြောင်း ဒေသခံတဦးက ဆိုပါတယ်။

“ဂျင်းကုန်းက ၃ ရက်နေ့မှာ စပြီးကောက်ရမယ်။ အရင်တုန်းက အနီးနား ရွာတွေကနေ ဒီ ဂျင်းကုန်းမှာ လာရောက်နေကြတာပဲ။ အခု စစ်တပ်က လှေကြီး ၁ စင်း၊ လှေငယ် ၁ စင်းနဲ့ ဂျင်းကုန်းမှာ လာစောင့်နေကြတယ်။ လာကောက်မယ့် စက်လှေတွေကိုလည်း သူတို့က ငွေ ၅၀,၀၀၀ ပေးရမယ်တဲ့။ တကယ်ဆို ဒီဂျင်းကုန်းက အများပိုင်တဲ့ဂျင်းကုန်းပါ။ အရင်တည်းက ဒီရေကန်တောင်ရွာကရော အနီးနားက ရွာတွေပါ အားလုံးလာကောက်နေကြတာပဲလေ။”

ဒါ့အပြင် လာရောက်ကောက်ယူတဲ့ စက်လှေတွေကိုလည်း ကောက်ယူရရှိတဲ့ ဂျင်းခရုတွေကို တခြားဒေသတွေမှာ ရောင်းချခြင်းမပြုဘဲ ရေကန်တောင်ကျေးရွာမှာပဲ ရောင်းချရမယ်လို့‌လည်း စစ်တပ်က ထပ်မံထုတ်ပြန်ထားတာကြောင့် ဒေသခံတွေအနေနဲ့ စျေးကောင်းရတဲ့နေရာတွေ ရောင်းခွင့်မရဘဲ အခက်အခဲ ဖြစ်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ဂျင်းခရုတွေကို ရေကန်တောင်ရွာမှာပဲ ရောင်းချရမယ်ဆိုတာ မဖြစ်သင့်ဘူးလေ။ အရင်တည်းက ဒီမှာလာကောက်ပြီးရင် တခြားရွာတွေ၊ မြို့တွေမှာ ပြန်ရောင်းကြတာပါ။ ခုက လာကောက်တဲ့လူတွေက ရောင်းချင်တဲ့နေရာမှာ မရောင်းရတော့ အဆင်မပြေနိုင်ဘူးလေ” လို့ ဂျင်းကောက်ယူနေသူတဦးက ဆိုပါတယ်။

အဆိုပါဂျင်းကုန်းမှာ အရင်ကတည်းက တဦးတယောက်ပိုင်မဟုတ်ဘဲ အများပိုင်ဆိုင်တဲ့ ဂျင်းကုန်းလို့ သိရပြီး ပြီးခဲ့တဲ့နှစ်ကစပြီး စစ်တပ်က လာရောက်ထိန်းချုပ်တာကြောင့် လာကောက်သူတွေ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဲဒီဂျင်းကန်မှာ ခွင့်ပြုချက်မရှိဘဲ လာရောက်ကောက်ယူတဲ့ စက်လှေတွေကို စစ်တပ်က သေနတ်နဲ့ လိုက်လံပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013