DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းမှုက တိုင်းပြည်ကို ပျက်သုဉ်းခြင်းလမ်းပေါ်ပို့ဆောင်ခဲ့ဟု အမေရိကန် ဝန်ကြီးပြော
DVB
·
February 1, 2023
စစ်အာဏာသိမ်းမှုက တိုင်းပြည်ကို ပျက်သုဉ်းခြင်းလမ်းပေါ်ပို့ဆောင်ခဲ့ဟု အမေရိကန် ဝန်ကြီးပြော
Donate to DVB

မြန်မာစစ်အာဏာရှင်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆီကနေ နိုင်ငံအာဏာကိုလုယူခဲ့ပြီးနောက်မှာ ပြည်သူထောင်ပေါင်းများစွာ သတ်ဖြတ်ခံရတာတွေနဲ့ နေရပ်စွန့်ခွာရတာတွေကိုဖြစ်စေတဲ့ ပျက်သုဉ်းခြင်းလမ်းပေါ်ကို တိုင်းပြည်ကို ပို့ဆောင်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် ဒီကနေ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်မြောက်တဲ့ နေ့မှာ ထုတ်ပြန်ပြောကြားလိုက်တာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်သူတွေရဲ့ ဆန္ဒကို  ဗြောင်ကျကျဆန့်ကျင်ခဲ့ကာ မတရားအာဏာသိမ်းယူမှုကြောင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်ကာလအတွင်း အပတ်တကုတ်ကြိုးစားတည်ဆောက်ရယူခဲ့ကြရတဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုကို ပြောင်းပြန်ဖြစ်စေခဲ့တယ်လို့လည်း ဝန်ကြီးဘလင်ကန်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး လူပေါင်း ၃,၀၀၀ နီးပါးသတ်ဖြတ်ခံရပြီး ၁၇,၀၀၀ နီးပါး ထိန်းသိမ်းခံခဲ့ရကာ လူဦးရေ ၁ သန်းခွဲလောက်ဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသလို မြန်မာနိုင်ငံအတွင်း နိုင်ငံရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာ အကူအညီပေးရေးဆိုင်ရာ အကျပ်အတည်းတွေဟာ ဆိုးဝါးသထက် ဆိုဝါးလာနေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ အမေရိကန်အစိုးရအနေနဲ့ မြန်မာ့စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး၊  ရေနံနှင့်သဘာဝဓာတ်ငွေ့နဲ့ သတ္တုတွင်းဌာနကအရာရှိတွေ၊ လေတပ်စစ်ဦးစီးချုပ်နဲ့ လက်နက်ပွဲစား ခရိုနီသူဌေး ဦးတေဇရဲ့သမီး ရေချယ်တေဇအပါအဝင် လူပုဂ္ဂိုလ် ၆ ယောက်နဲ့ အဖွဲ့အစည်း ၃ ခုကို အာဏာရှင်အဖွဲ့အစည်းရဲ့ ဝင်ငွေရလမ်းတွေ ဖော်ဆောင်ဖို့နဲ့ စစ်လက်နက်ပစ္စည်းဝယ်ယူဖို့ အားထုတ်ကြိုးပမ်းမှုတွေနဲ့ ဆက်နွှယ်ပြီး ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုဖျက်ဆီးမယ့် အားနည်းချက်တွေ ပြည့်နှက်နေတဲ့ ရွေးကောက်ပွဲသစ်ကျင်းပဖို့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ အာဏာရှင်အဖွဲ့အစည်းက ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုလည်း ဒဏ်ခတ်ပိတ်ဆို့အရေးယူသွားမယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုလိုအရေးယူမှုတွေဟာ ယူကေ၊ ကနေဒါနိုင်ငံတွေက အရေးယူမှုတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုတွေဖြစ်ပြီး အာဏာရှင်အဖွဲ့အစည်းမှာ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နိုင်စေမယ့် နည်းလမ်းတွေ ဆုတ်ယုတ်လာစေဖို့နဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားတောင့်တမှုကို အားပေးဖို့အတွက် သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ ဒီကနေ့အပါအဝင် လူပုဂ္ဂိုလ်အယောက် ၈၀ နဲ့ အဖွဲ့အစည်း ၃၀ ကို အရေးယူခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်အနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို ဆက်လက်ထောက်ခံ အားပေးသွားမှာဖြစ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ဖို့နဲ့ ပါတီစုံအစိုးရတစ်ရပ်ပေါ်ထွန်းလာဖို့လည်း ဆက်လက် ကြိုးပမ်းအားထုတ်မယ်၊ စစ်မှန်တဲ့ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီပေါ်ထွန်းလာစေဖို့ အမြင်ချင်းတူကြတဲ့ မတူကွဲပြားတဲ့ အသိုက်အဝန်းတွေအကြား စုစည်းညီညွတ်မှုတွေ ခိုင်မာအား ကောင်းလာစေဖို့ ဆောင်ရွက်နေကြတဲ့သူတွေကို ချီးကျူးဂုဏ်ပြုတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013