DVB Logo
Home
မြန်မာသတင်း
အိမ်ခြံမြေရောင်းဝယ်မှုအပေါ် စစ်ကောင်စီက အခွန်တိုးကောက်
DVB
·
January 30, 2023
အိမ်ခြံမြေရောင်းဝယ်မှုအပေါ်  စစ်ကောင်စီက အခွန်တိုးကောက်
Donate to DVB

မြန်မာပြည်တွင်း အိမ်ခြံမြေရောင်းဝယ်မှုအပေါ် စည်းကြပ်ကောက်ခံမယ့် အခွန်နှုန်းထားကို စစ်ကောင်စီက ၃၀ ရာခိုင်နှုန်း တိုးမြှင့်လိုက်တဲ့အကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအခွန်အကောက်ဥပဒေကို ပြဋ္ဌာန်းလိုက်ရာမှာ ဝင်ငွေခွန်ဥပဒေ ပုဒ်မ- ၆ နဲ့ ၆(က) တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ဝင်ငွေအပေါ် ၃၀ ရာခိုင်နှုန်းနဲ့ ဝင်ငွေ စည်းကြပ်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဟာ ခုတ်ရာ တခြား ရှရာ တခြားသာ ဖြစ်စေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ရှင်တွေက ဆိုပါတယ်။

“အခွန်နှုန်းထားတွေက အရင်ထက် ၃၀ ရာခိုင်နှုန်းလောက် တက်သွားတယ်။ အခုဟာက သူတို့ တောင်ပြော မြောက်ပြောနဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဘာညာ ဘာညာတွေကလည်း လုပ်ထားတယ်။ လုပ်ထားပြီးပေမဲ့ လုပ်စရာရှိတဲ့သူတွေ အကုန်လုံးကတော့ လုပ်ပြီးသွားပြီ။ အဲ့တော့ သူတို့လုပ်တာက ခုတ်ရာတခြား ရှရာတခြား ဖြစ်နေတာပေါ့။ ဆိုတော့ ပြည်သူတွေထဲမှာ မဖြစ်မနေ သူကတော့ ဝယ်ကြတာမျိုးတော့ ရှိတယ်။ ဒါပေမဲ့ ကစားတဲ့သူတော့ သိပ်မရှိတော့ဘူး။ လှောင်တာတို့ ကစားတာတို့တော့ သိပ်မရှိတော့ဘူး။ အရင်ကတော့ လှောင်တာနဲ့ ကစားတာ နှစ်မျိုးရှိတယ်။ ကစားတာကတော့ အခန်းအချင်းချင်း ပြန်လှည့်တာ။ လှောင်တာကတော့ ကုန်လှောင်သလို လှောင်တာပေါ့။ ဘာလို့မရှိလဲဆို သူက အခု အခြေအနေမှာ တော်တော်လေး risk များလို့လေ။ risk က ၂၀၂၃ မှာ ဘာဖြစ်မှန်းမသိတဲ့ အနေအထားမှာ ဖြစ်နေတာ။ ဘာဖြစ်မှန်းမသိတော့ လှောင်တာနဲ့ ကစားတဲ့သူ တော်တော်နည်းသွားတယ်။ မဖြစ်မနေ လုပ်ရတဲ့ သူတွေလောက်ပဲ လုပ်ကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခွန်စည်းကြပ်မှုအပေါ် တိုးမြှင့်လိုက်တဲ့ နောက်ဆက်တွဲသက်ရောက်မှုက လက်ရှိမှာဆိုရင်လည်း ဈေးကွက်အတွင်းမှာ ကြိုက်ရောင်း ကြိုက်ဝယ်ပုံစံ မဟုတ်တော့ဘဲ ကြိတ်ရောင်း ကြိတ်ဝယ် ပုံစံ ပြောင်းလဲသွားတယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“လက်ရှိ လုံးချင်းအရောင်းတွေက မြို့နယ်တိုင်းတော့ မဟုတ်ဘူးပေါ့နော်။ သိန်း တသောင်း ပတ်ချာလည်လောက်ပေါ့ အရောင်းအဝယ် ဖြစ်နေတာတွေ ရှိတယ်။ သိန်းပေါင်း သိန်းနဲ့ချီတဲ့ဟာတွေကတော့ သူတို့အဆင့်နဲ့သူတို့ ကြိတ်ရောင်း ကြိတ်ဝယ်တွေက ဖြစ်နေတယ်လို့တော့ ကြားရတယ်။ အဲ့ဒါကတော့ သူတို့အချင်းချင်း ကြိတ်ရောင်း ကြိတ်ဝယ် လုပ်ကြတာဖြစ်လို့ ကျနော်တို့လည်း မသိနိုင်ဘူး။ အရင်ကဆိုရင် ကျနော်တို့က ကြိုက်ရောင်း ကြိုက်ဝယ်ပဲ ရှိခဲ့တာ။ အခုတော့ ကြိတ်ရောင်း ကြိတ်ဝယ် ဆိုတဲ့ ပုံစံသစ် ရှိလာတယ်။ ဒါပေမဲ့ အလယ်အလတ်တန်းစား သိန်းတသောင်းခွဲနဲ့ ငါးထောင်ကြား ပတ်ချာလည်တွေကတော့ ပြနေရတာတွေ ဈေးစကားပြောတာတွေ အရောင်းအဝယ် ဖြစ်နေတာတွေတော့ ရှိနေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

စစ်ကောင်စီခေါင်းဆောင်ကတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှောင့်နှေးနေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်တိုးတက်မှု ရှိလာစေရေး အားပေးမြှင့်တင်ဖို့ နိုင်ငံသားဘယ်သူမဆို အခြေခံပစ္စည်းတရပ်ရပ်ကို ဝယ်ယူတာ၊ တည်ဆောက်ရယူတာနဲ့ လုပ်ငန်းအသစ်တည်ဆောက်တာ၊ လုပ်ငန်းထပ်မံ တိုးချဲ့ဆောင်ရွက်တာတွေအတွက် အသုံးပြုတဲ့ ဝင်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင်တဲ့ ဝင်ငွေရှိပါက ယင်းဝင်ငွေအား နုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေအပေါ် အောက်ပါအတိုင်း စည်းကြပ်သွားမယ်လို့ ဆိုပါတယ်။

အသစ်ပြောင်းလဲ ပြင်ဆင်လိုက်တဲ့ အခွန်နှုန်းတွေက သိန်း သုံးထောင် အထိ ၃ ရာခိုင်နှုန်း၊ သိန်း သုံးထောင်မှ သိန်း ခြောက်ထောင် အထိ ၅ ရာခိုင်နှုန်း၊ သိန်း ခြောက်ထောင်မှ သိန်း တသောင်း အထိ ၁၀ ရာခိုင်နှုန်း၊ သိန်းတသောင်းမှ သိန်း သုံးသောင်း အထိ ၁၅ ရာခိုင်နှုန်းနဲ့ သိန်း သုံးသောင်း အထက်ဆိုပါက ၃၀ ရာခိုင်နှုန်း စည်းကြပ်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီပုဒ်မအရ အခွန်စည်းကြပ်တာဟာ တရားမဝင်ရရှိတဲ့ ပစ္စည်းတွေ ပိုင်ဆိုင်တာ ရောင်းဝယ်တာတို့နဲ့လည်းကောင်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူတဲ့ ကိစ္စရပ်တွေနဲ့လည်းကောင်း သက်ဆိုင်ခြင်း မရှိစေ ဖို့ လိုပါတယ်။ ပုဒ်မခွဲ(က) ပါ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေ ဆိုရာမှာလည်း ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မတိုင်မီ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေကိုသာ ဆိုလိုတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013