DVB Logo
Home
မြန်မာသတင်း
မြန်မာ့ကုန်သွယ်မှုလိုငွေ ကျပ်သန်း ၅၀၀ ကျော်ရှိ
DVB
·
January 30, 2023
မြန်မာ့ကုန်သွယ်မှုလိုငွေ ကျပ်သန်း ၅၀၀ ကျော်ရှိ
Donate to DVB

မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုမှာ ကုန်သွယ်မှုလိုငွေ ကျပ်သန်း ၅၀၀ ဝန်းကျင် ဆက်လက် ဖြစ်ပေါ်နေတယ်လို့ စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

အခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ ဇန်နဝါရီလ တတိယပတ်ထိ ၁၀ လဝန်းကျင် ကာလမှာ ပြည်ပပို့ကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၃၆၄ ဘီလီယံကျော်ရှိပြီး သွင်းကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၂၆ ဘီလီယံကျော် ပြန်လည်တင်သွင်းထားပါတယ်။ ပို့ကုန်တန်ဖိုးက သွင်းကုန်တန်ဖိုးထက် အမေရိကန်ဒေါ်လာ သန်း ၄၆၀ ကျော် လျော့ကျနေတာပါ။

ကုန်သွယ်မှုကိန်းဂဏန်းတွေကို ဆန်းစစ်ကြည့်ရင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း တင်သွင်းမှုက ပြီးခဲ့တဲ့နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ ၁၇၇ သန်းကျော် ပိုများပါတယ်။ ပုဂ္ဂလိကပိုင်း အနေနဲ့ တင်သွင်းမှုမှာ ပြီးခဲ့တဲ့နှစ်ထက် သန်း ၂၀၀ နီးပါး လျော့ကျခဲ့ပေမဲ့ နိုင်ငံပိုင် အခန်းကဏ္ဍအတွက် တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၃၆၉ သန်းဖိုး ပိုမြင့်တက်ခဲ့ပါတယ်။

လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း တင်သွင်းမှုကတော့ နိုင်ငံပိုင်ရော ပုဂ္ဂလိကပိုင်းမှာပါ တင်သွင်းမှု မြင့်တက်နေတာပါ။ အလားတူ CMP ပစ္စည်း တင်သွင်းမှုကလည်း ပြီးခဲ့တဲ့နှစ်ထက် သန်း ၆၀၀ ကျော် ပိုမြင့်တက်ခဲ့ပါတယ်။

ဒါပေမဲ့ အခုနှစ်မှာ လူသုံးကုန်ပစ္စည်း တင်သွင်းမှုကတော့ သိသိသာသာ လျော့ကျနေပါတယ်။ ပုဂ္ဂလိကပိုင်း တင်သွင်းမှုအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ဖိုး အရင်နှစ်ထက် လျော့နည်းကျဆင်းနေပြီး နိုင်ငံပိုင်အနေနဲ့ တင်သွင်းမှုကတော့ တန်ဖိုးအမေရိကန်ဒေါ်လာ သန်း ၁၀၀ ဝန်းကျင် မြင့်တက်ခဲ့ပါတယ်။

ပို့ကုန်ကဏ္ဍမှာတော့ စက်မှုကုန်ချောပစ္စည်း တင်ပို့မှုမှာ ကာလတူထက် ၁ ဒသမ ၅ ဘီလီယံ‌ကျော် မြင့်တက်ခဲ့ပါတယ်။

လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနဲ့ သစ်တောထွက်ပစ္စည်း တင်ပို့မှုမှာတော့ အရင်နှစ်ထက် အနည်းငယ်သာ မြင့်တက်လာတာ တွေ့ရပြီး ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်နဲ့ တခြားပစ္စည်းတင်ပို့မှုမှာတော့ သိသိသာသာ လျော့ကျနေပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံခြားငွေလိုအပ်ချက်ကို လျှော့ချဖို့ သူတို့ တာဝန်ယူနေစဉ် ကာလအတွင်းမှာ ပြည်ပသွင်းကုန်တွေအပေါ် ကန့်သတ်တာတွေ လုပ်ဆာင်ခဲ့ပါတယ်။

သွင်းကုန်လုပ်ငန်းရှင်တဦးက “ခုက သွင်းကုန်လိုင်စင်တစောင်ရဖို့ တော်တော်လေး ခက်ခဲပါတယ်။ သွင်းကုန် ပို့ကုန်မျှအောင်ဆိုပြီး လိုင်စင်ချမပေးတာလား၊ သေချာလည်း မသိရဘူး။ အားလုံးက လိုင်စင်ကျဖို့ မျှော်တလင့်လင့်နဲ့ အချိန်ကုန်၊ ငွေကုန်ခံပြီး စောင့်နေရတာ” လို့ ပြောပါတယ်။

ဒါပေမဲ့ အခုနှစ်မှာ သွင်းကုန်တန်ဖိုးက ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ယှဥ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော် ပိုများနေပါတယ်။

စစ်ကောင်စီက သွင်းကုန်၊ ပို့ကုန် မူဝါဒအပြင် ငွေကြေးမူဝါဒ အပြောင်းအလဲတွေကိုလည်း မကြာခဏ လုပ်ဆောင်နေတာကြောင့် လုပ်ငန်းတွေ လုပ်သာကိုင်သာမရှိဘဲ စမ်းတဝါးဝါး ဆောင်ရွက်နေရတယ်လို့လည်း လုပ်ငန်းရှင်တွေက ဝေဖန်ထောက်ပြနေကြပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တဦးက “ပြည်ပပို့ကုန်ရငွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီချမှတ်ထားတဲ့ မူဝါဒက နိုင်ငံတကာစျေးကွက်နဲ့ ယှဉ်ပြိုင်ရောင်းချရာမှာ အခက်အခဲ ဖြစ်စေတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုမှာ လိုငွေပြမှုက နှစ်စဉ်လိုလို ဖြစ်ပေါ်နေခဲ့တာပါ။ ဒါပေမဲ့ အရင် အရပ်သားအစိုးရလက်ထက်မှာတော့ ကုန်သွယ်မှုလိုငွေပြမှု ပမာဏ နှစ်စဉ် လျော့နည်းကျဆင်းလာခဲ့တာ တွေ့ရပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရဆိုရင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ၄ ဘီလီယံကျော်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ၅ ဒသမ ၄ ဘီလီယံကျော် အသီးသီးရှိခဲ့ပါတယ်။

၂၀၁၆−၂၀၁၇ ဘဏ္ဍာနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံကျော် ရှိပြီး ၂၀၁၇−၂၀၁၈ မှာ ၃ ဒသမ ၈၁၁ ဘီလီယံ၊ ၂၀၁၈ မီနီဘတ်ဂျက်မှာ ၁ ဘီလီယံကျော်၊ ၂၀၁၈−၂၀၁၉ မှာ ၁ ဒသမ ၀၂၆ ဘီလီယံ၊ ၂၀၁၉−၂၀၂၀ မှာ ၁ ဒသမ ၃၆၉ ဘီလီယံသာရှိပြီး နှစ်စဉ် လျော့နည်းကျဆင်းခဲ့ပါတယ်။

ကုန်သွယ်မှုလိုငွေ ကာလရှည်ကြာ ဖြစ်ပေါ်ခြင်းရဲ့ နောက်ဆက်တွဲက ပြည်တွင်း ငွေကြေးတန်ဖိုးကို အားနည်းလာစေပြီး ပြည်ပက ကုန်ကြမ်းတွေကို မှီခိုထုတ်လုပ်နေရတဲ့ ပြည်တွင်းထုတ်ကုန်ပစ္စည်းတွေလည်း စျေးနှုန်းကြီးမြင့်လာစေတာကြောင့် ပြည်သူလူထုရဲ့ နေ့စဉ်ဘဝတွေအပေါ်မှာပါ ကြီးမားတဲ့သက်ရောက်မှုတွေ ရှိလာနိုင်မှာဖြစ်တယ်လို့ ပညာရှင်တွေက ထောက်ပြထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013