DVB Logo
Home
မြန်မာသတင်း
နိုင်ငံတဝန်း လဝကရုံး ၉ ရုံး မီးရှို့ဖျက်ဆီးခံရဟု စစ်ကောင်စီထုတ်ပြန်
DVB
·
January 28, 2023
နိုင်ငံတဝန်း လဝကရုံး ၉ ရုံး မီးရှို့ဖျက်ဆီးခံရဟု စစ်ကောင်စီထုတ်ပြန်
Donate to DVB

၂၀၂၁ ခုနှစ်ကနေ အခုနှစ်အထိ တနိုင်ငံလုံးမှာ လဝကရုံး ၉ ရုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ စစ်ကောင်စီ ဩဇာခံ သတင်းစဉ်ကနေ ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်မှာ ၃ လုံး၊ စစ်ကိုင်းတိုင်းမှာ ၄ လုံးနဲ့ မကွေးတိုင်းမှာ ၂ လုံးဖြစ်ပြီး ချင်းပြည်နယ်၊ ပြည်နယ်ရုံးက ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ရှို့ခံခဲ့ရတာဖြစ်လို့ အစောဆုံးဖြစ်ပါတယ်။

ချင်းပြည်နယ်မှာ ဟားခါး၊ ကန်ပက်လက်နဲ့ တီးတိန်မြို့နယ်၊ စစ်ကိုင်းတိုင်းမှာ ဒီပဲယင်း၊ မြောင်၊ ဆားလင်းကြီးနဲ့ မြင်းမူမြို့နယ်၊ မကွေးတိုင်းမှာ ရေစကြိုနဲ့ မြိုင်မြို့နယ်တို့ဖြစ်ပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားပြီး လူဦးရေစာရင်းတွေ ကောက်ယူ လာတဲ့နောက်ပိုင်း လဝကရုံးတွေကို ဦးတည်တိုက်ခိုက်ခံရတာပိုများလာပြီး အခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလထဲမှာပဲ မြိုင်၊ ဆားလင်းကြီး၊ ရေစကြိုနဲ့ မြင်းမူမြို့နယ်က လဝကရုံးတွေ မီးရှို့ခံခဲ့ရတာပါ။ 

ဒီဗွီဘီကရရှိထားတဲ့ သတင်းအချက်အလက်တွေအရတော့ ၂၀၂၁ ခုနှစ်ကနေ အခု ၂၀၂၃ ခုနှစ်အထိ လဝကရုံးတွေ ၂၁ ကြိမ် တိုက်ခိုက် မီးရှို့ခံခဲ့ရတာပါ။

မြန်မာပြည်အလယ်ပိုင်းဒေသတခုရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ဦးဆောင်သူတယောက်က “စစ်ဗျူဟာမှာ ဘယ်လိုရှိတယ်ဆိုတာတော့ မသိပါဘူး။ ကျနော့်အမြင်ကတော့ မလွဲမရှောင်သာ ပြည်သူတွေ ဆက်ဆံထိတွေ့နေရတဲ့နေရာတွေကို ဖျက်ဆီးပစ်တာကတော့ အဆင်မပြေပါဘူး။ ခုက ခရီးသွားရင်မှတ်ပုံတင် မရှိမဖြစ်လိုတယ်။ အသစ်လုပ်တာပဲဖြစ်ဖြစ်၊ ပျက်စီးပျောက်ဆုံးလို့ ဖြစ်ဖြစ် ရုံးက စာရင်းဇယားတွေမရှိတော့ရင် လုပ်ရခက်သွားမယ်လေ” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာရှိနေတဲ့ရုံးတွေကို တိုက်ခိုက်တာကို နားလည်ပေမယ့် စစ်ကောင်စီရဲ့ ပြစ်မှုသက်သေတွေကို ပျောက်ပျက်အောင် မလုပ်သင့်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

“လဝကရုံးတွေဟာ အစိုးရအဆက်ဆက်ရဲ့ ပေါ်လစီကို အကောင်အထည်ဖော်ပေးခဲ့ရတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အခု စစ်ကောင်စီလက်အောက်မှာလည်း ဒီအလုပ်ကို ဆက်လုပ်နေကြတာပဲ။ ရုံးကို တိုက်ခိုက်တာက ထားပါတော့။ စာရွက်စာတမ်းတွေ ဖျက်ဆီးပစ်တာက သက်သေအထောက်အထားတွေ ပျောက်ပျက်သွားတယ်။” 

ချင်းပြည်နယ်၊ ဟားခါးမြို့မှာရှိတဲ့ ပြည်နယ်လဝကရုံးဟောင်း မီးလောင်ကျွမ်းခဲ့တာလို့ပဲ ဒီဗွီဘီက သတင်းရရှိထားပြီး သူ့ဖာသာလောင်တာလား၊ မီးရှို့ခံရတာလားဆိုတာကိုတော့ မသိခဲ့ရပါဘူး။

နှစ်ထဲမှာတော့ စစ်ကောင်စီရဲ့ အတုယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ မကွေးတိုင်း၊ သရက်မြို့နယ် လဝကရုံးကို ဇန်နဝါရီ ၁၃ ရက်နေ့ ညပိုင်းမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ ပြတင်းပေါက်မှန်တွေ ထိခိုက်ပျက်စီးသွားပြီး မင်းတုန်းမြို့နယ်လဝကရုံးကို ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခံရလို့ ခေါင်မိုးတွေ ပျက်စီးခဲ့ပါတယ်။

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှာတော့ ဇန်နဝါရီ ၂၃ ရက် ညပိုင်းကတိုက်ပွဲဖြစ်နေတုန်းမှာ  စစ်ထောက်လှမ်းရေးရုံး (စရဖ)၊ ထွေအုပ်ရုံးနဲ့ လဝကရုံးတို့ မီးရှို့တိုက်ခိုက်ခံခဲ့ရပါတယ်။  

မကွေးတိုင်း၊ ရေစကြိုမြို့နယ် လဝကရုံးကို ဇန်နဝါရီ ၁၂ ရက်မနက်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်မီးရှို့ရာမှာတော့ စာရွက်စာတမ်းတွေအားလုံး မီးရှို့ဖျက်ဆီးခဲ့ပြီး ရုံးထဲက ဝန်ထမ်း ၅ ယောက်ကို CDM မှာပါဝင်ဖို့ တိုက်တွန်း ပြန်လွှတ်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်က မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် လဝက ရုံး ဗုံးပေါက်ကွဲခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်မှာတော့ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်လဝက ရုံး ဗုံးပေါက်ကွဲခဲ့ပါတယ်။

၂၀၂၁ ခုနှစ်တုန်းကတော့ အောက်တိုဘာ ၃ ရက်နေ့မှာ မကွေးတိုင်း၊ အောင်လံမြို့၊ လဝကရုံး၊ အောက်တိုဘာ ၂၂ ရက်မှာ မန္တလေး၊ ပုသိမ်ကြီးမြို့နယ် လဝကရုံးနားမှာ ဗုံးပေါက်ကွဲခဲ့ပြီး အောက်တိုဘာ ၂၆ ရက်မှာတော့ မကွေးမြို့နယ် လဝကရုံး၊ အောက်တိုဘာ ၂၈ ရက်က စစ်ကိုင်းတိုင်း ဆာလင်းကြီးမြို့ လဝကရုံးနားမှာ ဗုံးခွဲတိုက်ခိုက်ခံရပါတယ်။

နိုဝင်ဘာ ၁၀ ရက်က ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ် လဝကရုံးဝင်းထဲမှာ ဗုံးပေါက်ကွဲခဲ့ပြီး ဒီဇင်ဘာ ၃ ရက်က မွန်ပြည်နယ်၊ သထုံမြို့နယ် လဝကရုံး၊ ဒီဇင်ဘာ ၂၈ ရက်နေ့ကတော့  မန္တလေး၊ အမရပူရမြို့နယ် လဝကရုံးကို ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013