DVB Logo
Home
မြန်မာသတင်း
BYD Auto တရုတ်ကားကုမ္ပဏီက သီလဝါတွင် လျှပ်စစ်သုံး(EV)ကားများ တပ်ဆင်ထုတ်လုပ် ရောင်းချမည်
DVB
·
January 27, 2023
BYD Auto တရုတ်ကားကုမ္ပဏီက သီလဝါတွင် လျှပ်စစ်သုံး(EV)ကားများ တပ်ဆင်ထုတ်လုပ် ရောင်းချမည်
Donate to DVB

ပြည်တွင်းကားဈေးကွက်မှာ လျှပ်စစ်စွမ်းအင်သုံး(EV)အိမ်စီးကားတွေ တင်သွင်းခွင့်ပြုပြီးနောက် BYD Auto တရုတ်ကားကုမ္ပဏီက ရန်ကုန် သီလဝါမှာ စက်ရုံတည်ပြီး SKD စနစ်နဲ့ ထုတ်လုပ်ရောင်းချသွားဖို့ရှိနေတယ်လို့  Dealership လိုင်စင်ရရှိထားတဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။

စစ်ကောင်စီက ပြည်တွင်းမှာ နှစ်စဉ် တင်သွင်းနေရတဲ့ စက်သုံးဆီပမာဏကို လျှော့ကျစေဖို့ ကားတင်သွင်းခွင့်ပါမစ်ကို ရပ်တန့်ထားပေမဲ့ လျှပ်စစ်စွမ်းအင်သုံး(Electric Vehicle)အိမ်စီးကားတွေကိုတော့ တင်သွင်းခွင့်ပေးထားတဲ့အပြင် ပြည်တွင်း မှာ SKD စနစ်နဲ့ လာရောက်ထုတ်လုပ်နိုင်တဲ့အကြောင်း ဖိတ်ခေါ်ထားပါတယ်။

ဒါကြောင့်ပဲ ပြည်တွင်းမှာ လျှပ်စစ်စွမ်းအင်သုံးကားတွေ တင်သွင်းထုတ်လုပ်ဖို့ ကုမ္ပဏီပေါင်း ၂၀ ကျော်က ကမ်းလှမ်းလာတဲ့ အနက် လက်ရှိမှာတော့ BYD Auto ကုမ္ပဏီက ပြည်တွင်းမှာ SKD စနစ်နဲ့ ပထမဆုံး လာရောက်ပြီး တပ်ဆင်ထုတ်လုပ် ရောင်းချသွားဖို့ စီစဉ်နေပါတယ်။

BYD Auto ကုမ္ပဏီဆီက Dealership လိုင်စင်ရရှိထားတဲ့ ကိုယ်စားလှယ်တဦးက “သူတို့က သီလဝါမှာ စက်ရုံ ဆောက်မှာ။ Suzuki လိုပေါ့။ ၆ လ အတွင်းမှာ စက်ရုံ လည်နိုင်အောင်လုပ်မယ်လို့ ကြားတယ်။ ပထမ ၆လ အတွင်းမှာတော့ တရုတ်ပြည်ကနေ အစီးလိုက် သွင်းမယ်။ နောက် ၆လ မှာတော့ စက်ရုံမှာ တပ်ဆင်ထုတ်လုပ်တဲ့ ကားတွေကို ရောင်းမယ်။ ပြီးတော့ အာမခံအနေနဲ့ ဘက်ထရီ ကို ၁၀ နှစ်အာမခံပေးမယ်။ တကယ်လို့ အဲ့ဒီ့ ၁၀ နှစ်အတွင်းမှာ ဘက်ထရီရဲ့ စွမ်းဆောင်မှုက ၈၀ ရာခိုင်နှုန်းအောက် ရောက်သွားလို့ ရှိရင် အသစ်  ပြန်လဲပေးမယ်။ အဲ့လို အာမခံ ပါတယ်။ ဈေးကွက်ထဲ ဝင်လာမယ့်အထဲမှာ BYD အပြင် အခြားကောင်တွေလဲ ရှိသေးတယ်။ ဒါပေမဲ့ ကျနော် သိရသလောက်က BYD တခုပဲ စက်ရုံ လုပ်ဦးမယ်။ တခြားကောင်တွေက စက်ရုံ မလုပ်သေးဘူး။ အစီးလိုက်သွင်းမှာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီ့အပြင် စစ်ကောင်စီက ပြည်တွင်းမှာ လျှပ်စစ်စွမ်းအင်သုံးကားတွေ တွင်တွင်ကျယ်ကျယ်ဖြစ်လာစေဖို့ မက်လုံးပေး ဆွဲဆောင်ထားတဲ့အကြောင်း Showroom ဖွင့်ထားတဲ့လုပ်ငန်းရှင် တဦးကလဲ အခုလို မှတ်ချက်ပေးပါတယ်။

“ဈေးနှုန်းက အခု BYD ထုတ်တဲ့ လျှပ်စစ်ကားက တစီးကို ဒေါ်လာ နှစ်သောင်းပဲ။ အရင် ကျနော်တို့ Suzuki ကထုတ်တဲ့ ကားဈေးကလည်း ဒေါ်လာ နှစ်သောင်းပဲနော်။ ဒါပေမဲ့ အခုထုတ်မယ့် EV ကားအတွက် စစ်ကောင်စီက အခွန်တွေ ဘာတွေ ကင်းလွတ်ခွင့် ပေးထားတာကြောင့် ဘာမျှကုန်ကျစရိတ်တော့ ထပ်မရှိတော့ဘူး။ ပြီးတော့ Owner Book က အစ ကညန တောင် သွားစရာ မလိုဘူးနော်။ ဝယ်တဲ့ ကားအရောင်းစင်တာမှာပဲ ကညန က ဝန်ထမ်းလာတွေ လာပြီး ထုတ်ပေးမှာ။ အဲ့လို စီမံချက်နဲ့ သူကထုတ်မှာ။ ဒါက လောလောဆယ်ပေါ့။ နောက်ပိုင်းတော့ ကညန သွားရမှာပေါ့။ လောလောဆယ် ဝယ်သူကို ဆွဲဆောင်တာလေ။ ဘက်ထရီအားသွင်းချိန်က ဇီးရိုး ကနေ ၈၀ ရာခိုင်နှုန်း အထိကို ကြာချိန် ၁၅ မိနစ် ကနေ  မိနစ် ၂၀ ပဲကြာမယ်။ အပြည့်အားသွင်းထားရင် မိုင် ၃၀၀ အထိ သွားနိုင်မယ်။ ပြီးတော့ Gas ဆိုင်တွေမှာ လျှပ်စစ်အားသွင်းနိုင်တဲ့ Station တွေထားပေးမယ်။ သွင်းခအနေနဲ့ ကျပ် နှစ်သောင်းပေးရမယ်။ အိမ်မီးနဲ့လည်း သွင်းလို့တော့ ရတယ်။ ဒါပေမဲ့ အချိန်တော့ ကြာမယ်ပေါ့နော်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာငွေ ကျပ် သိန်း ၆၀၀ တန်ဖိုးရှိတဲ့ လျှပ်စစ်စွမ်းအင်သုံးကားအသစ်ကို လက်ရှိအချိန်မှာ risk ယူပြီး အရောင်းအဝယ်လုပ်ဖို့က အဆင်သင့်မဖြစ်သေးဘူး လို့ ကားဝယ်ရောင်းလုပ်ကိုင်နေသူက အခုလိုထောက်ပြထားပါတယ်။

“လောလောဆယ် အနေအထားမှာ EV နဲ့ ပတ်သတ်တဲ့ ကားအကြောင်းကို ကျနော်တို့ သေသေချာချာ မသိသေးဘူး။ ဆိုတော့ သိန်း ၆၀၀ ဆိုရင်  Toyota Alphard (Japan used) တို့ ဘာတို့ ကားကောင်းကောင်းစီးလို့ရပြီဗျာ။ ဒီကောင်က မြန်မာပြည်ဈေးကွက်မှာ ပေါက်ထားပြီးသား ကြိုက်တဲ့ဝပ်ရှော့မှာ ကြိုက်တဲ့နေရာ တနိုင်ငံလုံးမှာ ပြင်လို့ ရတယ်။ အဲ့တော့ လောလောဆယ် ဒါကိုပဲ ဦးစားပေး ကြည့်ကြမှာပေါ့။ အဲ့တော့ ယှဉ်ရောင်းကြေးဆိုရင် သူ့ကို ရွေးချယ်ကြမယ်လေ။ ဒါပေမဲ့ တခု စဉ်းစားဖို့ရှိတာက ဒီကောင်တွေကို အခုဆိုရင် သွင်းခွင့်မပေးတော့ဘူး။ သွင်းခွင်းမပေးတဲ့အတွက် ကားစုတ်တွေကို ပြန်ပြင်ပြီး သုံးရတာမျိုး ရှိလာနိုင်တယ်။ ဘာလို့လဲဆို အဲ့ဒီ့အခြေအနေနဲ့ နောက်ထက် ၅ နှစ်လောက် ဆက်သုံးရမယ်ဆိုရင် ဒီကောင်တွေလဲ ချုံးချုံး ကျလာတော့မယ်။ ထပ်ဝင်လာမဲ့ကားတွေက EV ကားတွေပဲဆိုရင် ဘယ်လိုလုပ်ကြမလဲ။ အဲ့တော့ ဘာကို ရွေးကြမလဲ ဆိုတာ အဲ့အချိန်ရောက်တဲ့အခါ အဖြေ တမျိုး ထပ်ထွက်လာလိမ့်မယ်။ အခုချိန်မေးရင်တော့ ဂျပန် ကားပဲ ရွေးမှာပေါ့။ ရှင်းရှင်းလေးလေးပဲလေ။ ဟိုကောင်ကို risk ယူပြီး ကျနော် မဝယ်ရဲဘူး။ ဒါကို သူတို့ကလဲ ဒီ Market ကို သိတယ်။ ဒါကြောင့် ကြိုက်လောက်တဲ့ မက်လုံးတွေ ပေးထားပြီး ကျနော်တို့ကို ဝင်ဖောက်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကား အစီး ၄၀ ရောက်ရှိနေပြီး ရန်ကုန်လေဆိပ်နဲ့ နေပြည်တော် သပြေကုန်း ဈေးမှာ အခြေပြုကာ လျှပ်စစ်သုံး တက္ကစီယာဉ်တွေ စတင်ပြေးဆွဲမယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ထားပါတယ်။ 

ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီဆိုင် ၂၄ ဆိုင်မှာ လျှပ်စစ်ကားတွေ အားသွင်းနိုင်ဖို့အတွက်   EV Charging Point အားသွင်းတဲ့နေရာတွေ တပ်ဆင်သွားမယ်လို့လည်း စွမ်းအင်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့အပြင် နေပြည်တော်မှာ ၄ နေရာလောက်နဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ ၅  နေရာလောက် Charging Point အားသွင်းတဲ့နေရာတွေ တပ်ဆင်သွားဖို့လည်း စီစဉ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013