DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းရန် စစ်ခေါင်းဆောင်အမိန့်ပေး
DVB
·
January 24, 2023
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းရန် စစ်ခေါင်းဆောင်အမိန့်ပေး
Donate to DVB

မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီတွေ များပြားနေပြီး ပါတီအလိုက်ပြည်သူကို ကိုယ်စားပြုနိုင်မှုမှာ အားနည်းနေကြောင်းနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကော်မရှင်ကို  အမိန့်ညွှန်ကြားလိုက်ပါတယ်။ 

ဇန်နဝါရီ ၂၄ ရက်က နေပြည်တော်မှာကျင်းပတဲ့ စစ်ကောင်စီ အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာလို့ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အရင်ရွေးကောက်ပွဲ အတွေ့အကြုံတွေအရ ပါတီများပြားပေမဲ့ လွှတ်တော်မှာ ပါဝင်ခွင့်ရတဲ့ ပါတီနည်းပါးကြောင်း၊ နိုင်ငံရေးပါတီများပြားပြီး ပါတီဝင်တွေ အစုအဖွဲ့တစ်ခုအနေနဲ့သာ လုပ်ဆောင်နိုင်တာတွေ့ရကြောင်း၊ ပါတီတွေအားလုံး အခုထက်ပိုမို ကျစ်လျစ်ခိုင်မာစွာ၊ စည်းစနစ်ကျစွာ ထုထည်နဲ့ ဖွဲ့စည်းနိုင်ဖို့လိုကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးနေတာဖြစ်လို့ ဘယ်အခြေအနေဖြစ်ဖြစ် လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုးပမ်းသွားမယ်၊ EAO အဖွဲ့တွေနဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်တည်ဆောက်ရေးကို မူအားဖြင့် သဘောတူညီမှုရရှိပြီးဖြစ်လို့ နိုင်ငံတဝန်း အကြားအလပ်မရှိရွေးကောက်ပွဲကျင်းပနိုင်ရေးလုပ်သွားမယ်၊ ပြည်သူအားလုံး ခြိမ်းခြောက်မှု၊ အကြပ်ကိုင်မှုမရှိဘဲ လွတ်လပ်စွာဆန္ဒဖော်ထုတ်မဲပေးနိုင်ရေး ဦးတည်ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

ဒါအပြင် ရွေးကောက်ပွဲကော်မရှင် အနေနဲ့လည်း ပါတီတွေကိုမှတ်ပုံတင်ဆောင်ရွက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တဲ့ နိုင်ငံရေးပါတီတွေ မဖြစ်ဖို့လိုကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ရုံးတွေ အပြည့်အစုံ ဖွင့်လှစ်ဖို့၊ မဲစာရင်းမှန်ကန်ရေး ကြိုတင် ပြင်ဆင်ဆောင်ရွက်ဖို့၊ ရွေးကောက်ပွဲကို ပြည်သူ အားလုံးပါဝင်တဲ့ လွတ်လပ် တရားမျှတပြီး အကြားအလပ်မရှိ ကျင်းပနိုင်ဖို့၊ သမာသမတ်ရှိပြီး စနစ်ကျတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။၏

အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်နဲ့အညီ ဆောင်ရွက်ပြီးစီးပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်ကျင်းပပြီး အနိုင်ရတဲ့ပါတီကို ဒီမိုကရေစီစံနှုန်းနဲ့အညီ နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်က  ပြောပေမဲ့ ဘယ်အချိန်မှာ ရွေးကောက်ပွဲကျင်းပမယ် ဆိုတာကိုတော့ ပြောမသွားပါဘူး။

စစ်ကောင်စီကျင်းပမယ့်‌ ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်ရှာတဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်လို့ ပြည်သူအားလုံး ဆန့်ကျင်ကန့်ကွက်ကြဖို့ အန်ယူဂျီ အပါအဝင် တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ ရှုံးနိမ့်သွားပြီး  အန်အယ်လ်ဒီပါတီက အပြတ်အသတ် အနိုင်ရသွားပြီးနောက် စစ်တပ်က တရားမဝင် အာဏာသိမ်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီပါတီ ခေါင်းဆောင်တွေကိုလည်း ရွေးကောက်ပွဲ ဝင်မရတော့အောင် အဓမ္မဖမ်းဆီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားကာ ပါတီဌာနချုပ် အပါအဝင် နိုင်ငံတဝန်းရှိ အန်အယ်လ်ဒီရုံးတွေကို ချိပ်ပိတ်၊ မီးရှို့ဖျက်ဆီးနေသလို ပါတီဝင်တွေကို ဖမ်းဆီးသတ်ဖြတ်ထားတာ ဖြစ်ပါတယ်။

Photo-DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013